အစားမှားပြီး လေဖြတ်ကာ လက်နဲ့ခြေထောက်များကို လူတယောက် အကူအညီ မပါဘဲ သွားလာလှုပ်ရှားနိုင်ခြင်း မရှိသေးတဲ့ လူရွှင်တော်၊ သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)ကတော့ ပရိသတ်ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်ဖို့အတွက် အမြန်ဆုံးလှုပ်ရှားနိုင်အောင် ကြိုးစားနေတယ်လို့ ဧရာဝတီကိုပြောပါတယ်။
“MRTV-4 မှာ ဇာတ်လမ်းတွဲ ရိုက်နေရင်းနဲ့ဖြစ်သွားတာ။ အနုပညာအလုပ်ကို လုပ်နေရရင်ပျော်တယ်လေ။ အခုအနုပညာအလုပ် မလုပ်ရတော့ တခုခု လိုနေသလိုပဲ။ ထမင်းစားလို့ မကောင်းဘူး။ အိပ်လို့ မကောင်းဘူး။ အဲ့လိုဖြစ်တယ်။ ကျနော်တို့ လူရွှင်တော်တိုင်း ဖြစ်တာပါ။ ပရိသတ်တွေကိုလည်း ကျနော် မကြာခင်မှာ ကျန်းမာရေးပြန်ကောင်းဖို့အတွက် ကြိုးစားနေပါတယ်။ ပရိသတ်များရဲ့လိုအပ်နေတဲ့ ပျော်စရာရွှင်စရာလေးတွေကို ဖြည့်ဆည်းနိုင်အောင်လို့ အမြန်ဆုံး ပြန်လှုပ်ရှားနိုင်အောင် ကြိုးစားနေပါတယ်” လို့ ဦးဝင်းနိုင်(အနုပညာ)က ပြောပါတယ်။
ဦးဝင်းနိုင်ကတော့ အစားမှားပြီး လေဖြတ်ထားတာ ၈ လခန့်ရှိပြီဖြစ်ပြီး လေဖြတ်တဲ့ဒဏ်ကြောင့် ဘယ်ဘက်လက်နဲ့ ခြေထောက်ထိသွားတယ်လို့ သိရပါတယ်။
“ကျန်းမာရေးကတော့ အခုတော်တော်လေးကောင်းလာပါပြီ။ အပြင်ဆေးခန်းမှာ ကုနေတယ်။ အစားမှားပြီး လေဖြတ်တာ ၈ လဖြစ်သွားပါပြီ။ ၆ လပိုင်းကနေဖြစ်တာ အခုဖေဖော်ဝါရီဆိုရင် ၈ လရှိသွားပါပြီ။ ဘယ်ဘက်လက်နဲ့ ဘယ်ဘက် ခြေထောက်ထိသွားတယ်” လို့ ဦးဝင်းနိုင်(အနုပညာ)က ပြောပါတယ်။
ကျန်းမာရေး မကောင်းတဲ့ အချိန်ကတည်းက အနုပညာအလုပ်များကို မလုပ်နိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်နေပြီး ပရိသတ်များနဲ့ အဆက်အသွယ်ပြတ်ကာ စီးပွားရေးလည်း ထိခိုက်သွားတယ်လို့ဆိုပါတယ်။
“အားမလို အားမရ ဖြစ်တာပေါ့။ ဒါတွေကိုမြင်လေ ကိုယ့်အလုပ်ကို ကိုယ်လုပ်ချင်လေ။ လုပ်ခွင့်မရတော့ဘူးဆိုတော့ စိတ်ထဲမတွေ့တော့ဘူး။ စိတ်မကောင်းတော့ဘူး။ ဒါတွေကြည့်ကြည့်ပြီး အလုပ်လုပ်ဖို့ပဲ စိတ်ထဲမှာရှိနေတယ်။ ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ တဖက်ကပြောရင်လည်း စီးပွားရေးပေါ့။ ဘာလို့စီးပွားရေးလို့ပြောရလဲဆိုရင် အခုဆို တပတ်ကို ၅ သိန်းကုန်တယ်။ အပြင်မှာကုနေတာ ကောင်းလည်းကောင်းပါတယ်။ ကုန်ရကျိုးလည်းနပ်ပါတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိမှာတော့ ဦးဝင်းနိုင်က သားသမီး ၃ ယောက်ရှိတဲ့အနက် သမီးအငယ်ဆုံးနဲ့အတူ ယုဇနဥယျာဉ်မြို့တော်မှာနေထိုင်ပြီး သူ့ရဲ့ဆေးဖိုးဝါးခများကိုတော့ သားအကြီးဆုံးနဲ့ သမီးအငယ်ဆုံးက အကုန်အကျခံကာ ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။
“အဲ့လိုကောင်းဖို့အတွက် သမီးနဲ့သားက တဝက်စီကုန်ကျတယ်။ အဆင်ပြေအောင်တော့ လုပ်ရတာပေါ့လေ။ စားတဲ့သောက်တဲ့ဘက်ကို လျော့ရတာပေါ့။ ဆေးကုတဲ့ဘက်ကို ပိုထည့်ရတာပေါ့။ သမီးအငယ်ဆုံးနဲ့ သားအကြီးဆုံးက ထောက်ပံ့တာ။ သားသမီးက ၃ ယောက် ရှိပါတယ်။ သမီးအငယ်နဲ့ ယုဇနဥယျာဉ်မြို့နယ်မှာနေပါတယ်”လို့ ဦးဝင်းနိုင်က ဆိုပါတယ်။