Entertainment

"ချစ်သူ မရှိသေးတော့ ချစ်သူများနေ့က ကိုယ်နဲ့မဆိုင်သလိုပါပဲ"လို့ ယဉ်လက် ပြော

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်လောကမှာ ဇာတ်ဆောင်၊ ဇာတ်ရုပ်တွေ များစွာထဲကမှ အက်ရှင်ဇာတ်ရုပ်ကို စိတ်ပါဝင်စားလို့ အက်ရှင်ဇာတ်ကား တော်တော်များများကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် ယဉ်လက်က စီးရီးတွဲမှာ မြင်နေကျ မဟုတ်တဲ့ ပုံစံမျိုးကို တွေ့မြင်ရမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လတ်တလောမှာ စီးရီးတွဲလေး ရိုက်နေတယ်။ ဘာလဲဆိုတာတော့ ပြောလို့ မရသေးဘူး။ အဲ့စီးရီးတွဲမှာ အရင်နဲ့ မတူတဲ့ ပုံစံတွေ့ရမှာပါ။ မျက်နှာ အပြင်အဆင်ကအစ ပြောင်းသွားမှာပါ။ ရေတပ်နဲ့ ပတ်သက်တဲ့ပုံတွေ တင်ထားတာက မနှစ်က ‘စစ်ကိုမုန်း၍ တိုက်ခဲ့သည်’ ဇာတ်ကားလေး ရိုက်ခဲ့တဲ့ ဒါရိုက်တာက ဒီနှစ် ‘နာရီ ၁၁၀’ ဇာတ်ကားမှာ ပါဝင်ခွင့် ထပ်ပေးတယ်။ အဲ့ကား ရိုက်နေတုန်း Navy Music Video လေးပါ ရိုက်ပေးတဲ့ ပုံလေးတွေကို တင်ချင်တာနဲ့ တင်လိုက်တာ”လို့ ယဉ်လက်က ပြောပါတယ်။

“အဲ့လိုလေးတွေ ဝတ်ရရင် ကိုယ့်ကိုယ်ကို အရမ်းတာဝန်ကြီးသွားသလို၊ အရမ်း စမတ်ကျသလို၊ အရမ်း ကြိုက်တယ်။ ဂုဏ်ယူတယ်။ အဲ့လိုတွေ ဝတ်ရတော့ ငယ်ငယ်တုန်းက အဲ့လိုတွေ မဖြစ်ချင်ခဲ့ဘူး။ ငယ်ငယ်က ဆရာမ ဖြစ်ချင်ခဲ့တာ။ ပန်းချီဆွဲတာလည်း ဝါသနာပါတယ်။ အခုချိန်မှာတော့ ဆရာမ ဖြစ်ချင်လားဆို မဖြစ်ချင်တော့ဘူး”လို့ ယဉ်လက်က ဆိုပါတယ်။

အခုချိန်ထိ ချစ်သူ မရှိသေးတဲ့ ယဉ်လက်က ရှေ့လထဲမှာ မကြာခင် ကျရောက်တော့မယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ၊ ချစ်သူများနေ့ဟာ သူနဲ့ မဆိုင်သလိုတောင် ဖြစ်နေတယ်လို့ ပြောပါတယ်။

“ချစ်သူ မရှိတော့ အဲ့နေ့က ကိုယ်နဲ့ မဆိုင်သလိုတောင် ပြောလို့ရတယ်။ အခုချိန်မှာ တယောက်တည်းပဲ။ အချစ်ရေး စဉ်းစားချင်ရင်တောင် အဲ့လူက ကိုယ့်ကို ပြောရဲရင်ပေါ့။ အခုတော့ အလုပ်ရယ်၊ မိသားစုရယ်၊ ပရိသတ်တွေရယ်နဲ့ လည်နေတယ်။ ယဉ်လက်လို့ပြောတာနဲ့ ဖိုက်တင်ကို ပြေးမြင်ကြတယ်။ အခုနောက်ပိုင်းတော့ ကလေးလေးတယောက်လို မြင်ကြတယ်။ ချစ်သူများနေ့မှာတော့ အိမ်မှာ သို့မဟုတ် အလုပ်မှာပဲ ရှိမှာပါ”လို့ ယဉ်လက်က ပြောပါတယ်။

အက်ရှင်ဇာတ်ကားတွေ အပြင် ချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံတွေ တင်လေ့ရှိတဲ့ သရုပ်ဆောင် ယဉ်လက်က ၂၀၁၉ ခုနှစ်အတွင်းမှာလည်း မတူတဲ့ ပုံစံတွေနဲ့ တွေ့ရဦးမယ်လို့ ဆိုပါတယ်။

“၂၀၁၉ မှာ အရင်နဲ့ မတူတဲ့ ပုံစံတွေ ထွက်လာမှာပါ။ အရင်တုန်းက အက်ရှင် တခုတည်းကိုပဲ မြင်ကြတယ်။ နောက်ပိုင်းမှာပေးတဲ့ ဇာတ်ရုပ်တွေကလည်း ပြောင်းလာတော့ ပရိသတ်တွေ မြင်ရတာလည်း ပြောင်းပြောင်းလာတယ်။ ဒီနှစ်ထဲမှာလည်း ဘယ်သူမှ မထင်ထားတဲ့ ပုံစံနဲ့ မြင်ရဦးမယ်။ သရုပ်ဆောင်တယောက်အနေနဲ့ ဘယ်လို ဇာတ်ရုပ်ကိုမဆို ပရိသတ်ကို လုပ်ပြချင်တယ်”လို့ ယဉ်လက်က ပြောပါတယ်။

သရုပ်ဆောင် ယဉ်လက်ကတော့ အက်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖိုက်တင် မင်းသမီးလို့ လူသိများကြပါတယ်။ သူမ ကိုယ်တိုင်လည်း တိုက်ကွမ်ဒို ခါးပတ်နက် ရထားပြီး အတိုက်အခိုက်တွေမှာ ကျွမ်းကျင်သူတယောက်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading