မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) က ရုပ်ရှင်ဇာတ်ကားကြီးတကားမှာ ပါဝင်ရိုက်ကူးနေပြီး ဒီလို ဇာတ်ကားရိုက်ကူးရာမှာ အခက်အခဲတွေ ရှိလို့ မင်းသမီးတွေကို ကိုယ်ချင်းစာတတ်နေပြီလို့ ဧရာဝတီကို ပြောပါတယ်။
“ဇာတ်ကား ရိုက်ရတာတော့ ပျော်တာပေါ့။ ကိုယ်တွေနဲ့ မအပ်စပ်တဲ့ အလုပ်တခုကို စပြီးလုပ်တာဆိုတော့ အစကနေတော့ သင်ယူရတာပေါ့။ သရုပ်ဆောင်ကြီးတွေက သေချာလေး သင်ပေးတယ်။ အရမ်း ပင်ပန်းတယ်။ ကိုယ်တိုင် Funny ဗီဒီယိုလေးတွေ တင်တာက အပျော်လေးပေါ့ ပေါ့ပါးပါးပေါ့။ ဒါကတော့ စက်အဖွဲ့နဲ့ အဖွဲ့အစည်းနဲ့ လုပ်ရတယ်။ ကိုယ်မှားပြန်ရင်လည်း အားလုံးကို အားနာစရာဖြစ်တော့ စိတ်တော့ပူတာပေါ့”
“သုတို့ ရိုက်နေရင်းနဲ့ ရယ်နေရတယ်။ အဲ့အတွက် အဲ့ကားလေးထွက်ရင် ပရိသတ်တွေ ခဏတာ ပျော်ရွှင်ရမယ့် ကားလေးတကားဖြစ်မှာပါ။ အခက်အခဲတွေလည်း အများကြီး ရှိတယ်။ အရမ်း ပင်ပန်းတယ်။ ရှုတင်က ပြန်လာတဲ့ နားတော့တာ။ အခုတော့ မင်းသမီးတွေကို ကိုယ်ချင်းစာတတ်နေပြီ” လို့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) က ပြောပါတယ်။
မိတ်ကပ် ညီညီမောင်(စမ်းချောင်း) က လက်ရှိမှာ ကြော်ငြာများလည်း လက်ခံရိုက်ကူးနေပြီး ဇာတ်ကားရိုက်ကူးမှုအနေနဲ့ သရဲကားတကား ရိုက်ကူးဖု့ိရှိတယ်လို့ ဆိုပါတယ်။ ဇာတ်ကားများ ရိုက်ကူးနေပေမယ့် လက်ရှိကိုယ်ခန္ဓာ အချိုးအစားကတော့ မလှဘူးဆိုတာ သိကြောင်း သူက ဆိုပါတယ်။
“ကိုယ့်ကိုယ်ကိုယ် မလှဘူးလို့ နှိမ်ချပြီးပြောတာလည်း မဟုတ်ဘူး။ တကယ်လည်း မလှဘူး။ ဇာတ်ကားထဲမှာ မထက်တို့ လင်းလင်းတို့က ကိုယ်လုံးသေးသေးလေးတွေလေ။ သု ခန္ဓာကိုယ်က တကယ် ကြည့်ရတာမလှလို့ မလှဘူးလို့ ပြောတာပါ”လို့ ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။
ဝေဖန်နေသူတွေကို ဘာမှမပြောချင်တဲ့ ညီညီမောင်(စမ်းချောင်း)က LGBT (Lesbian, Gay, Bisexual, Transgender) ဆိုတာ လူတန်းစားတရပ် မဟုတ်ပါဘူး၊ လူထဲက လူပါပဲလို့လည်း ဆိုပါတယ်။
“သုတို့ကို ဝေဖန်ကြတာကို ဘာမှမပြောချင်ဘူး။ အားလုံးက ချစ်လို့ပြောကြတာ။ အခုဆို မိတ်ကပ်အလုပ်တင် မဟုတ်ဘူး။ အနုပညာအလုပ်တွေပါ လုပ်နေတာဆိုတော့ အားလုံးချစ်ပေးမှ ရမှာ။ အဲ့အတွက် ဝေဖန်ပါ ကဲ့ရဲ့ပါ။ အကြံပေးပါ။ LGBT ရယ် ဘာရယ်တော့ မရှိတော့ဘူး။ တကယ်တမ်းတော့ မိန်းမလျာဆိုတာ နေတတ်ဖို့ပဲ လိုတယ်။ နေတတ်မှပဲ အားလုံးက ချစ်မယ်။ LGBT ဆိုတာ လူတန်းစားတရပ် မဟုတ်ပါဘူး။ လူထဲက လူပါပဲ” လို့ ညီညီမောင်(စမ်းချောင်း)က ဆိုပါတယ်။
လက်ထပ်ပွဲ ကျင်းပတော့မယ်လို့ မကြာခဏပြောလေ့ ရှိတဲ့ ညီညီမောင်က အချစ်ရေးနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။
“၂၀၂၀ မှာ မင်္ဂလာဆောင်မယ်။ ချစ်သူနဲ့ကတော့ ဘယ်လိုမှ ညှိမယူဘူး။ စည်းစိမ်တွေလည်း ထားခဲ့လိုက်။ အနုပညာအလုပ်တွေ မလုပ်ရင် ယူမယ်ပြောတယ်။ ကိုယ်က အဲ့တာတွေ မထားခဲ့နိုင်ဘူးလေ။ သူကအဓိက ကိုယ့်ကို အခြောက်ဖြစ်တာ မဖြစ်တာထက် ချစ်တာ။ လူတွေက အခြောက်တွေကိုကြိုက်တာ ပစ္စည်းကို မက်လို့လားပြောကြတယ်။ သူက အပြောမခံနိုင်ဘူး။ အဓိက အဲ့ပြဿနာတွေကို ညှိနေရတယ်”လို့ ညီညီမောင်(စမ်းချောင်း)ကပြောပါတယ်။
ညီညီမောင်(စမ်းချောင်း)ဟာ အောင်မြင်တဲ့ မိတ်ကပ် ပညာရှင်တဦး ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယိုတွေ၊ အလှဓာတ်ပုံတွေ တင်တတ်တဲ့ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေက အများအပြား ရှိနေပါတယ်။