မကြာသေးမီကအချိန်က မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ပူပူနွေးနွေး ဇနီးမောင်နှံများဖြစ်ကြတဲ့ ဒါရိုက်တာ ဏကြီးနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ နှစ်ဦးကတော့ အလုပ်ကို ဦးစားပေးတဲ့သူတွေ ဖြစ်တဲ့အတွက် ရိုမန့်တစ် မဖြစ်ကြဘူးလို့ ပိုင်ဖြိုးသုက ပြောပါတယ်။
“သုသုတို့ နှစ်ယောက်လုံးက ကံကောင်းတယ်လို့ပဲ ပြောရမလား။ သူကလည်း အလုပ်ကိုပဲ ဦးစားပေးတဲ့သူ၊ ကိုယ်ကလည်း အလုပ်ကိုပဲ ဦးစားပေးတဲ့ဆိုတော့ ရိုမန့်တစ်လည်း မဖြစ်ကြဘူး။ နှစ်ယာက်လုံးက အူကြောင်ကြောင် တွေဆိုတော့။ အဲဒီလို ချစ်သူတွေအတွက် ချစ်သူများနေ့တု့ိ၊ မွေးနေ့တို့၊ နှစ်ပတ်လည်နေ့တွေဆို သူများတွေက အရမ်း Ro ကြတယ်။ ကိုယ်တွေက အလုပ်လုပ်ရင်း ပြီးသွားတာများတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ချစ်သူများ အားလုံးရင်ခုန်ကြတဲ့ ချစ်သူများနေ့ကလည်း မကြာခင်မှာ ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပထမဆုံး ဇနီးမောင်နှံဘဝနဲ့ ဘယ်လိုမျိုး ဖြတ်သန်းဖြစ်မလဲဆိုတာကိုလည်း ပိုင်ဖြိုးသုက အခုလို ပြောပြခဲ့ပါတယ်။
“ပထမဦးဆုံး ချစ်သူများနေ့ပေါ့။ အဖြေပေးပြီးပြီးချင်း ၂၀၁၄ ခုနှစ်တုန်းကတော့ ရှူတင်တော့ ရှိတယ်။ ပြီးတော့ ဒင်နာ သွားစားကြတယ်။ အဲဒီတခုပဲ။ ကျန်တဲ့နှစ်တွေဆို သိပ်တောင် မလုပ်ဖြစ်ကြတော့ဘူး။ မှတ်မှတ်ရရ အဲဒီတနှစ်ကဆို သုက စိတ်ကောက်နေမိတာလား မသိပါဘူး။ လုံးဝ ရိုမန့်တစ် မဖြစ်တဲ့သူက ရိုမန့်တစ်တွေ ထူးထူးခြားခြား လုပ်ထားပေးတာ”
“သုက ရှူတင်ကို ည ၁၁ လောက်ထိ လုပ်လိုက်တော့ ဘာမှမသိလိုက်ဘူး။ နောက်မှ သူပြောပြလို့ သိလိုက်ရတာ။ ကိုယ်တွေက ရိုမန့်တစ်လည်း မဖြစ်တဲ့သူတွေဆိုတော့ ဘာမှလည်း ကြိုတင် မလုပ်ထားဘူး” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
“ချစ်သူများနေ့”မှာတော့ ပိုင်ဖြိုးသုက လက်ရှိ ရိုက်ကူးနေတဲ့ “Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ရိုက်ကူးရေးဖြင့် ပူတာအိုကို ရောက်ရှိနေဖို့များပြီး ဘာမှကြိုတင် စီစဉ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။
“ဖေဖော်ဝါရီ ၁၄ ကတော့ ခါတိုင်းနှစ်တွေလည်း အလုပ်မှာပဲ။ ၈ ရက်နေ့ကစပြီးတော့ ပူတာအို သွားရမှာဆိုတော့ ၁၃ ရက်နေ့မှာ ပြန်ရောက်မှာလား ၁၄ ရက်နေ့မှ ပြန်ရောက်မှာလား မသေချာသေးဘူး” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ပိုင်ဖြိုးသုကိုတော့ ယခုနှစ်အတွက် “မီ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကယ်ဒမီတစ် ကြိုပေးခြင်း ခံထားရပြီး သရုပ်ဆောင်နဲ့ ပတ်သက်ပြီး အမြဲတမ်းကြိုးစားနေတဲ့ သရုပ်ဆောင်တယောက်အဖြစ် အနုပညာလောကမှာသာမက ပရိသတ်များက ချစ်ခင်ကြရတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။