နန်းဆုဦး ပါဝင်သရုပ်ဆောင်ထားတဲ့ “ဥပါဒါန်”ရုပ်ရှင်ကားကြီးက အကယ်ဒမီ စာရင်းဝင် ကားတကားဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပအထိပါ ပြသနိုင်ခဲ့တဲ့ ဘာသာရေး ရုပ်ရှင်ကားကြီးပါ။ အကယ်ဒမီ ရင်ခုန်သံနဲ့ ပတ်သက်ပြီး နန်းဆုဦးကို မေးကြည့်တဲ့အခါ အခုလိုပဲ ဖြေပါတယ်။
“ကိုယ့်ကိုယ်ကိုယ် အကယ်ဒမီကတော့ နန်းဆုတို့ အနေနဲ့တော့ အများကြီး ကြိုးစားရဦးမှာပါ။ အခု ဒီအကယ်ဒမီပွဲကို တက်မယ်ဆိုတာကလည်း ဒီပွဲမှာ ရမယ့် စီနီယာ အစ်ကို၊ အစ်မတွေကို အားပေးဖို့ တက်မှာပါ။ သူတို့အတွက် ရင်ခုန်တယ်။ ဒါပါပဲ”လို့ နန်းဆုဦးက ဧရာဝတီကို ပြောပါတယ်။
“ဘယ်လိုပြောရမလဲ။ ကိုယ်ပါဝင်ခဲ့တဲ့ကားမလို့လည်း ဒီလိုပြောတာ မဟုတ်ပါဘူး။ ဒီကားလေးက ဘာသာရေး ကားလေးလည်းဖြစ်တယ်။ အကုန်လုံးလည်း အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ အဲဒီအတွက် ပရိသတ်တွေအနေနဲ့လည်း အားပေးကြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“ပရိသတ်တွေ အားပေးမှုရတာနဲ့တင်ပဲ နန်းဆုတို့ အနေနဲ့ ကိုယ်ကြိုးစားခဲ့ရတာ အရာထင်တယ်လို့ပဲ ပြောရမှာပေါ့။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျန်တာကတော့ ကျန်တဲ့ အဆုံးအဖြတ်ပါပဲ။ ကံတရားပါပဲ။ နန်းဆုအနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ်တော့ မမှန်းထားပါဘူး”လို့ နန်းဆုဦးက ပြောပါတယ်။
၂၀၁၉ မှာ ပြောင်းလဲလာတဲ့ အသက်အရွယ်အရ ဇာတ်လမ်း ရွေးချယ်မှု အပြောင်းအလဲ၊ ဖက်ရှင် အပြောင်းအလဲတွေ ဘယ်လိုရှိလဲဆိုတဲ့ အမေးကိုလည်း နန်းဆုဦးက အခုလိုပဲ ပြောပါတယ်။
“ဖက်ရှင်ကတော့ အသက်အရွယ်နဲ့ အလိုက်တော့ နည်းနည်းတော့ ကိုယ်ကြိုက်တာလေးတွေ ပြောင်းသွားတယ်လို့ ထင်တယ်။ ငယ်ငယ်တုန်းကတော့၊ ကျောင်းတက်နေတုန်းကတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဆို အကုန်ဝတ်လိုက်တာပဲ။ ကိုယ်ကတော့ ဖက်ရှင်ကို ဝါသနာပါတော့ အမြဲတမ်း ကြည့်ဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ ဖက်ရှင်လေးတွေဆို ဦးနှောက်က သူ့ဘာသာ မှတ်သွားရောလေ။ ဒါပေမဲ့ နန်းဆုကတော့ ကိုယ်နဲ့ လိုက်ဖက်မယ့် ဖက်ရှင်မျိုးကို ဝတ်တယ်။ ရာသီအလိုက် ဝတ်တယ်။အေးရင်အေးသလို ပူရင် ပူသလိုပေါ့။ ဒီလိုပါပဲ၊ ပေါ့ပေါ့ပါးပါးပါပဲ”လို့ နန်းဆုဦးက ပြောပါတယ်။
“ဇာတ်ကောင်စရိုက် ခံစားမှုကတော့လေ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကလည်း အိမ်ထောင်သည်ဇာတ်ကို ရိုက်ချင် ရိုက်ခဲ့ရတာပဲ။ အခုအချိန်မှာလည်း ဆယ်ကျော်သက်ဇာတ်ကို ရိုက်ချင်လည်း ပြန်ရိုက်နေရတာပဲ။ “အစိုးမရ အနတ္တ”မှာဆိုရင် အသက် ၁၆ နှစ်သမီး အရွယ်ကစလိုက်တာ အသက် ၅၀ အရွယ်လောက်ထိကိုသွားတာဆိုတော့ တကားရိုက်ရင် တကား ဒီကာရိုက်တာအရကို အတတ်နိုင်ဆုံး စီးမျောပြီး ရိုက်ရတာပါပဲ” လို့ နန်းဆုဦးက ဆိုပါတယ်။
အချစ်ရေးမှာ လက်ရှိ တယောက်တည်းပါပဲဆိုတဲ့ နန်းဆုဦးက “ချစ်သူ မရှိဘူး မဟုတ်ဘူး။ ရှိခဲ့ပါတယ်။ဒါပေမဲ့ အခုချိန်မှာတော့ နန်းဆုက လွတ်လွတ်လပ်နေရတာကို ပိုနှစ်သက်နေလို့ပါ။ အလုပ်တွေကိုပဲ အာရုံစိုက်ပြီး ပိုလုပ်ဖြစ်နေလို့ပါ”လို့ ဧရာဝတီကို ပြောပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
အလုပ်ကို ပိုပြီးတော့ အားစိုက်နေတဲ့အတွက် အချစ်ရေးမစဉ်းစားသေးဘူး
“ဥပါဒါန်”ရုပ်ရှင် ၃ ပတ်ဆက်တိုက် ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ နန်းဆုဦး
ဗုဒ္ဓဘာသာဝင်တွေ ကြည့်သင့်တဲ့ “ဥပါဒါန်” ရုပ်ရှင်