သရုပ်ဆောင် သင်ဇာဝင့်ကျော်က လက်ရှိ အချစ်ရေးမှာ တယောက်တည်းဖြစ်နေပြီး ချစ်သူများနေ့ကို တယောက်တည်း ဖြတ်သန်းမယ်လို့ ဆိုပါတယ်။
“ချစ်သူရှိတဲ့ နှစ်တွေတော့ Surprise လုပ်တာတွေ လုပ်တာ ခံရတာပေ့ါ။ ချစ်သူမရှိတဲ့ နှစ်ကျတော့ တယောက်တည်းပေ့ါ။ ဒါပေမဲ့ ကိုယ့်ပရိသတ်တွေဆီက ချောကလက်တွေ စားရမယ်လို့တော့ ထင်ပါတယ်။ ပရိသတ်တွေကပဲ ချောကလက် ကျွေးမယ်လို့ထင်တယ်။ ကျွေးမယ့် ချစ်သူ မရှိဘူးဆိုတော့လေ။ ကိုယ့်မှာ ချစ်သူရှိတဲ့ အချိန်တုန်းကဆိုရင်လည်း နေ့ရက်တိုင်းက ချစ်သူများနေ့ပဲ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
ချစ်သူရွေးဖြစ်ရင်လည်း ကိုယ့်အပေါ် နားလည်မှုပေးမယ့်သူကိုသာ ရွေးချယ်ဖြစ်မယ့်လို့လည်း သင်ဇာဝင့်ကျော်က ဆိုပါတယ်။
“လက်တွဲဖော်ရွေးချယ်ဖြစ်ရင် အဓိကက အသက်ကြီးတယ်၊ ငယ်တယ်ထက် ကိုယ့်ကို တကယ်ချစ်ပြီး နားလည်ပေးပြီးတော့ ကိုယ့်မိဘ ချစ်သလို ချစ်နိုင်မယ့်သူမျိုး၊ ကိုယ့်အပေါ် သစ္စာရှိမယ့်သူမျိုးဆိုရင်တော့ အသက် ကြီးကြီးငယ်ငယ် သင်ဇာ လက်ခံမှာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
ပြောင်းလဲလာတဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ စောင့်ကြည့်ခြင်းကို ခံရတဲ့ သူမက ပရိသတ်တွေကို မတူတဲ့ ရသမျိုးတွေပဲ ပေးချင်တယ်လို့ ဆိုပါတယ်။
“သင်ဇာက ပရိသတ်တွေကို မတူတဲ့ ရသမျိုးပေးချင်တယ်။ ကိုယ့်ကိုအမြဲတမ်း Sexy ပဲ တွေ့ရတဲ့ အချိန်မှာ လုံချင် လုံသွားမယ်။ အကုန်လုံးကို အံ့အားသင့်အောင် လုပ်ချင်တာ ကွဲထွက်ချင်လို့ပါ။ ဒီလိုမျိုးကွဲ ထွက်တာ ဘယ်သူမှ မရှိသေးဘူး။ ကိုယ်က ဘယ်သူမှ မလုပ်တာ လုပ်ချင်တာ။ ပြီးတော့ သင်ဇာ ကိုယ်တိုင်ကလည်း ဒီလို Sexy ဝတ်တာ ကြိုက်တယ်လေ။ ဒီလိုမျိုး ခွဲထွက်တာ ဘယ်သူမှ မရှိသေးဘူး”
“ကိုယ်တတ်တဲ့ ပညာနဲ့ ကိုယ်က ဒီပါရမီပါခဲ့လို့ ဒီလိုပဲ လုပ်စားတတ်တယ်။ ဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုတတ်တယ်။ ကိုယ့်ရပ်တည်မှုနဲ့ ကိုယ်ပေါ့နော်။ တယောက်နဲ့ တယောက် မတူဘူး။ ကိုယ်မိဘကလည်း ကိုယ့်ကို အချိန်တခုထိ ထောက်ပံ့ပေးခဲ့တယ်။ မိဘတွေ မထောက်ပံ့ပေးမယ့် အချိန်က ကိုယ့်ဟာကိုယ် ရုန်းကန်ရမယ့် အခြေအနေ၊ အခုချိန်ထိ သင်ဇာ ထမင်းတလုတ် စားရဖို့ သူများ မျက်ရည်ကျအောင်လည်း မလုပ်ဖူးဘူး”
“အဲ့ဒါကြောင့် ကိုယ့်လိပ်ပြာကိုယ်လုံတယ်လို့ ပြောလို့ရပါတယ်။ Sexy ဝတ်ပြီး ရှာစားတယ် ပြောလည်း ပြောခံရမှာပဲ၊ ဒါ ကိုယ့်သမာအာဇီဝ အလုပ်ဆိုတော့လည်း။ ပွဲတက်တွေတော့ လျှော့သင့်ရင် လျှော့မယ်။ ရိုက်ကူးရေးပိုင်းမှာ Sexy ငှားရင်တော့ ရိုက်ဖြစ်ဦးမှာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ခန္ဓာကိုယ် အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားသူ တဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ ပွဲတက် ဖက်ရှင်တိုင်းဟာ Sexy ကျပြီး ကွဲပြားတာကြောင့် ပရိသတ်အချို့က ဝေဖန်မှုများ ပြုခဲ့ကြပါတယ်။