အဆိုတော် ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ နှစ်ဦးဟာ တရားဝင်ကွာရှင်း ပြတ်စဲထားပြီး သူတို့ရဲ့ သမီးဖြစ်သူ မြမိုးဂင်္ဂါနဲ့ ပတ်သက်တဲ့ ပျော်ပွဲရွှင်ပွဲများ ၊ အမှတ်တရနေ့များမှာ မိဘများအနေနဲ့ အတူတကွဆုံပြီး ပါဝင်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ အဆိုတော် ချမ်းချမ်းက ပြောပါတယ်။
“သမီးလေးမွေးနေ့ ၂၃ ရက်နေ့က ပေါက်ခေါင်းမှာ ပွဲသွားဆိုနေတော့ သမီးအတွက် သေချာ မလုပ်ပေးလိုက်ရဘူး။ ပြန်လာတော့ သူ့အဖေနဲ့ အမေ နှစ်ယောက်နဲ့ပေါင်းပြီး လုပ်ချင်တယ်ပေါ့။ သူ့ရဲ့ ၅ နှစ်ပြည့်မှာ အမှတ်တရပေါ့။ ကျမတို့ ဘယ်သူမှ မခေါ်ပါဘူး။ သူ့အဖေကို ခေါ်လိုက်တယ်။ ကျောင်းသွားကြိုပြီးတော့ ဘတ်ဒေးကိတ်ဝယ်ပြီး တနေရာရာမှာ လုပ်လိုက်တယ်။ ပြီးတော့ သူ့အဖေက ပြန်သွားတယ်။ သမီးအတွက် အမှတ်တရတော့ ဖြစ်သွားတာပေါ့”
“ကျမတို့ နှစ်ယောက် ခံယူချက်ကတော့ ပွဲတွေ ကပွဲတွေ၊ သမီးအတွက် ပျော်ပွဲရွှင်ပွဲတွေဆိုရင်တော့ နှစ်ယောက်စလုံး တက်ပြီးတော့ ပါဝင်ဖို့ ဆုံးဖြတ်ပြီးသားပဲ။ အဆင်ပြေပါတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။
သမီးဖြစ်သူကတော့ အသက် ၅ နှစ်ပြည့်သွားပြီဖြစ်ပြီး အနေအေးကာ ဘာသာတရားလည်း ကိုင်းရှိုင်းပြီး နှစ်ဖက်မိဘများက ဘာသာ မတူကြပေမယ့် အဘိုးအဘွားတွေကတော့ မျှတအောင် ထားတယ်လို့ ပြောပါတယ်။
“သမီးလေးက အေးတယ်။ ဘာသာတရားလည်း ကိုင်းရှိုင်းတယ်။ သူ့အဘိုးတွေ အဘွားတွေကလည်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာ သင်ပေးတယ်။ ကျမအဖေဆိုလည်း သူ့ကို ဘုရားကျောင်းခေါ်သွားပြီး ဘုရားသခင်အကြောင်းတွေ ရှင်းပြတယ်။ ကျမတို့က မျှတအောင်ထားပါတယ်။ အခုချိန်မှာ အကောင်းဆုံးပဲ။ သူလိုချင်တဲ့ ဘဝပုံစံ မဟုတ်ပေမယ့်လည်း သူ့အဖေဘက်ကကြည့်ရင်လည်း အကောင်းဆုံးထားတယ်ပေါ့”
“ကျမဘက်က ကြည့်ရင်လည်း အကောင်းဆုံး ဂရုစိုက်တယ်ပေါ့။ အဲဒီလိုမျိုးက ကောင်းပါတယ်။ အတူတူနေလည်း တယောက်နဲ့ တယောက်က အချိန်မပေးနိုင်ဘူးလေ။ ဒီလိုမျိုးက ပိုအဆင်ပြေပါတယ်” လို့ အဆိုတော် ချမ်းချမ်းက ပြောပါတယ်။
အခုလက်ရှိ သမီးလေးနဲ့ နှစ်ယောက်တည်းဘဝကိုတော့ ပျော်ရွှင်နေပြီး မြမိုးဂင်္ဂါကို ဖခင်ဖြစ်သူ ဘုဏ်းသိုက်နဲ့ တွေ့ပေးတဲ့ အခါမျိုးမှာလည်း လိုက်သွားပြီးတွေ့ဖြစ်တယ်လို့ သိရပါတယ်။
“ကျမ အခုအဆင်ပြေတယ်။ ကျမသမီးနဲ့ ကျမနဲ့လည်းပျော်တယ်။ တခါတလေ သူ့အဖေအိမ် လိုက်သွားတယ်။ ကျမက ပြဿနာ မရှိပါဘူး။ နေသားလည်းကျနေပြီဆိုတော့ ကျမဘဝ တော်တော်လေးကို အဆင်ပြေပါတယ်” လို့ အဆိုတော် ချမ်းချမ်းကပြောပါတယ်။
လက်ရှိမှာလည်း ချမ်းချမ်းက သမီးလေးကိုထိန်းကျောင်းရင်း သူ့ရဲ့ ပရိသတ်အတွက် သီချင်းများကိုလည်း အဆက်မပြတ် သီဆိုဖျော်ဖြေပေးနေပြီး မကြာသေးမီရက်ပိုင်းကလည်း သီချင်းအသစ် တပုဒ်ကို အွန်လိုင်းမှာ တင်ပေးထားသေးတယ်လို့ သိရပါတယ်။
“ကိုယ်က အခွေထွက်ချင်ပေမယ့် အခွေထွက်ဖို့ပိုက်ဆံက ခိုးကူးကြောင့် ပထမထုတ်ထားတဲ့ အခွေတွေက ပိုက်ဆံပြန်မရဘူး။ အဲဒါကြောင့် ပွဲတွေဆိုပြီး ပြန်ရင်းရတယ်ဆိုတော့ နည်းနည်းတော့ လည်ပတ်မှုကကြာတာပေါ့။ ဘာပဲပြောပြော အနုပညာအလုပ်က ကိုယ့်ပရိသတ်က ကိုယ့်ကိုအားပေးပြီး ပရိသတ်က ကြိုက်ရင်ပျော်နေတယ်”
“အသက်ရှင်ရတာ တန်ပါတယ်။ ကျမက လောလောဆယ်မှာတော့ Tour တွေပဲ များပါတယ်။ အမေရိကား Tour သွားဖို့ ရှိတယ်။ ဇွန် ၊ ဇူလိုင်မှာ သွားဖို့ စီစဉ်ထားတယ်။ သေချာရင်တော့ အနီးကပ်ရင် ပြန်ပြောပါမယ်”လို့ ချမ်းချမ်းက ပြောပါတယ်။