ဘောလိဝုဒ် စူပါစတားတယောက်ဖြစ်တဲ့ ရှာရွတ်ခန်းဟာ နာမည်ကျော် မင်းသား အရှေးကူမား (Akshay Kumar) နဲ့ ရုပ်ရှင်အတူ တွဲရိုက်ချင်ပေမယ့် သူတို့နှစ်ဦးဟာ အလုပ်လုပ်ချိန် မတူတာကြောင့် ချိန်သားကိုက်မှုဟာ အခက်အခဲ ဖြစ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
မကြာသေးခင်တုန်းက DNA မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှ “Zero” မင်းသား ရှာရွတ်ခန်းက တနှစ်အတွင်းမှာ ရုပ်ရှင် ၃ ကား ရိုက်ချင်ပါသလား၊ သို့မဟုတ် ရုပ်ရှင်တခုမှာ မင်းသား Akshay Kumar နဲ့အတူ အပြိုင် သရုပ်ဆောင်ချင်ပါသလား ဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။
ရှာရွတ်ခန်းက “ဒီကိစ္စနဲ့ပတ်သက်လို့ ဘာပြောရမလဲဆိုတော့ ကျနော်က သူ့လောက် အစောကြီး အိပ်ရာ မထဘူး။ Akshay နိုးနေတဲ့အချိန်မှာ ကျနော်က အိပ်ရာဝင်တာ။ သူ့ရဲ့ တနေ့တာက အစောကြီး စတယ်။ ကျနော် အလုပ်စလုပ်တဲ့အချိန်မှာ သူက အထုတ်အပိုးပြင်ပြီး အိမ်ပြန်နေပြီ။ ဒါကြောင့်သူက အလုပ်ကို အချိန် ပိုအားထည့်လို့ ရတယ်။ ကျနော်က ညဘက်မှ အလုပ် စလုပ်တဲ့သူ။ တချို့လူတွေ တော်တော်များများက ကျနော့်လို ညဘက်မှာ ရုပ်ရှင်ရိုက်ရတာကို မကြိုက်ဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။
အကယ်၍ ရုပ်ရှင်တခုကို ရိုက်ကူးဖို့ သူတို့နှစ်ဦးလုံး လက်မှတ်ရေးထိုးခဲ့မယ်ဆိုရင်တောင် သူတို့နှစ်ဦး ရိုက်ကွင်းမှာ တွေ့ဆုံနိုင်ဖို့ ဖြစ်နိုင်ချေ အရမ်းနည်းတယ်လို့ ဆိုပါတယ်။
မင်းသား ခန်းက ” Akshay နဲ့အတူ သရုပ်ဆောင်ရတာက ပျော်ဖို့ကောင်းမှာပါ။ သူက ရိုက်ကွင်းကနေထွက်သွားတဲ့ အချိန်မှာ ကျနော်က ဝင်လာရမှာပါ။ ကျနော် Akshay နဲ့ အလုပ်လုပ်ချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ချိန်သားကိုက်မှုက လိုက်ဖက် မညီဘူး”လို့ ဆိုပါတယ်။
မင်းသား ရှာရွတ်ခန်းကတော့ နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်ကို မကြေညာရသေးပါဘူး။ မင်းသား Akshay Kumar ကတော့ ၂၀၁၉ ခုနှစ်မှာ ရုပ်ရှင် ၅ ကား ထွက်ဖို့ ရှိပါတယ်။
Ref : indianexpress