ကြုံခဲ့တဲ့အချစ်အကြောင်း သီချင်းတွေ ဆိုဦးမယ့် အေသင်ချိုဆွေ
အဆိုတော် အေသင်ချိုဆွေက ဒီလထဲမှာ စိတ်ဓာတ်ခွန်အားပေးမယ့် သီချင်းအသစ်တပုဒ် ပရိသတ်ရှေ့ပို့မှာဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။ “ဒီလထဲမှာ တင်ပေးမယ့် သီချင်းဆိုရင် စိတ်ခွန်အားပေးတဲ့ ပုံစံမျိုးလေး။ စိတ်ဓာတ်ကျချိန်မှာ ဘယ်လိုဖြစ်ခဲ့၊ ကြုံခဲ့တယ်ဆိုတာကို ဆိုထားတာပေါ့”လို့ အေသင်ချိုဆွေက ဧရာဝတီကိုပြောပါတယ်။
အခုခေတ်ပရိသတ်က အလွမ်းဆိုပိုကြိုက်တဲ့အတွက် အလွမ်းသီချင်းတွေဆိုဖို့ရှိပြီး ဒါနဲ့ ပတ်သက်လို့ အေသင်ချိုဆွေက အခုလို ဆိုပါတယ်။
“အလွမ်းသီချင်းက ဆိုဖို့တော့ ရှိပါတယ်။ အခုနောက်ပိုင်း Feel တဲ့သီချင်းတွေ သိပ်မဆိုချင်တော့ဘူး။ မ Feel ချင်ဘူး။ မခံစားချင်ဘူးပေါ့။ ဒါပေမဲ့ အေသင် ဆိုမှာပါ။ အခု လတ်တလော ဆိုထားတဲ့၊ လုပ်ထားတဲ့ သီချင်းတွေကတော့ လူငယ်ကြိုက်ပုံစံမျိုး၊ အသည်းကွဲတာတွေ သိပ်မပါဘူး”လို့ အေသင်ချိုဆွေက ပြောပါတယ်။
အေသင်ချိုဆွေက ဒီဘက်ခေတ် တေးရေးတွေနဲ့ လက်တွဲလုပ်ဖြစ်နေတဲ့ အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“ဒီဘက်ခေတ်က သူတွေအကုန်လုံးလည်း တော်ကြပါတယ်။ လူငယ်ကြိုက် တေးရေးတွေဆို အရမ်းတော်ကြတယ်။ သူတို့ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ရေးတယ်။ အကြောင်းအရာတွေ၊ စာသားတွေ အရမ်း ကိုက်လာတယ်။ အရင်ခေတ်တုန်းက တေးရေးတွေလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ key ကိုက်တဲ့သူကို ရှာရတာပေါ့နော်။ ကိုဝေကြီးဆိုလည်း ‘ကမ္ဘာကြီးလောက် ချစ်တယ်’ဆိုတဲ့ သီချင်း အရမ်းကောင်းတယ်။ ပရိသတ်တွေလည်း ချစ်ကြတယ်”လို့ အေသင်ချိုဆွေက ပြောပါတယ်။
“Facebook ကနေ သီချင်းတွေ ရသလောက် တင်မယ်။ Music Video လေးတွေ ကိုယ်တတ်နိုင်သလောက်ရိုက်မယ်။ ဖြည်းဖြည်းချင်းပဲ တဆင့်ချင်းပဲ သွားချင်တယ်။ အခွေထုတ်လိုက်ပြီးတော့လည်း ပိုက်ဆံကပြန်ရတာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ အခွေထုတ်မယ်။ ထွက်မယ်။ ကြော်ငြာမယ်။ ကိုယ့်ကို တကယ်ချစ်တဲ့၊ ကြိုက်တဲ့ ပရိသတ်တွေကတော့ မှာမှာပဲလေ။ Pre-Order ကောက်ပြီးတော့မှပဲ အခွေထုတ်မယ်ပေါ့” လို့ အေသင်ချိုဆွေက ဆိုပါတယ်။
အေသင်ချိုဆွေက ကြုံခဲ့တဲ့ အချစ်တွေနဲ့ ပတ်သက်ပြီးရော သီချင်းတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ “စောင့်ကြည့်ပေးပါ။ အချစ်သီချင်းတွေတော့ ဆိုမှာပေါ့။ ပရိသတ်ကလည်း တောင်းဆိုတယ်ဆိုတော့လေ။ အချစ်တွေ၊ အလွမ်းတွေ၊ အေသင့်ခံစားချက်တွေလည်း ဆိုဖို့ ရှိပါတယ်”လို့ ပြောပါတယ်။
လက်ရှိအချစ်နဲ့ ပတ်သက်လို့လည်း အေသင်ချိုဆွေက “အခုအချိန်မှာတော့ ချစ်ခြင်းမေတ္တာအားလုံးက အိုင်ဗီကိုပဲ အကုန်ပေးထားတာပေါ့။ ကိုယ်ဆိုတာ ခုချိန်မှာ သမီးလေးတယောက်တည်းအတွက်ပဲ ဖြစ်တည်နေတာပါ။ သူ့အတွက်ပဲ အသက်ရှင်နေရသလိုပါပဲ။ နောက်ထပ်ဖြစ်လာမယ့် အချစ်တွေကတော့ မပြောတတ်ဘူးပေါ့နော်။ စကားတော့ အကုန် မပြောပါဘူး။ ရှိချင်လည်း ရှိလာမယ်ပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ခုခေတ်ကြီးမှာ Relationship တိုင်းမှာ ဖောက်ပြန်မှုတွေနဲ့ ယုံကြည်မှုတွေ ပျက်စီးလာတာပေါ့နော်”
“အဲဒီအခါ ဖောက်ပြန်မှုတွေ သိပ်များလာတာကျတော့ သိပ်မကောင်းတော့ဘူးပေါ့။ ပြောချင်တာက ကိုယ်တကယ်ချစ်ပြီး တန်ဖိုးထားရမယ့်သူကို အစကတည်းက တန်ဖိုးထားပါ။ တကယ်ပျက်စီးသွားပြီးမှ ပြန်ဆက်ဖို့ဆိုတာ အဆင်မပြေသလို အကောင်းတိုင်းလည်း ပြန်ဖြစ်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အစကတည်းက တန်ဖိုးထားကြပါလို့ ယောကျာ်းလေးတွေရော ၊မိန်းကလေးတွေရောကို ပြောချင်ပါတယ်”လို့ ဆိုပါတယ်။
အေသင်ချိုဆွေက သမီးလေး အိုင်ဗီကြောင့် ခရီးဝေးတွေ သိပ်မထွက်ဖြစ်ဘဲ ရန်ကုန်နဲ့ အနီးတဝိုက်လောက်သာ ပွဲတွေ လက်ခံဖြစ်နေတယ်လို့ သိရပါတယ်။
“နှစ်ညအိပ်လောက်ပဲ ပွဲတွေလက်ခံဖြစ်တော့တယ်။ ကလေးငယ်သေးလို့လေ။ သူကလေ နေတော့နေတတ်တယ်။အတူရှိနေရင် အရမ်းကပ်တယ်။ မရှိဘူးဆိုရင်လည်းနေတတ်တယ်။ သူက အမြဲတွေ့နေရရင် အာဘွာ းမပေးဘူး။ အမေကို မပြောနဲ့ ဘယ်သူ့မှကို မပေးဘူး။ ဒါပေမဲ့ ၂ ရက်လောက်ခွဲပီး ပြန်လာချိန်ဆို အမေ့အနားကပ်ချွဲပြီး အာဘွားတွေ ပေးတယ်။ သူ့ရဲ့ ထူးခြားချက်ပေါ့။ တခါတလေ သူမရှိဘဲ နေရတဲ့ အချိန်ဆိုလည်း နည်းနည်း အေးအေးဆေးဆေးတော့ နေရတာပေါ့။ ဒါပေမဲ့ သူနဲ့ ခွဲနေရတဲ့အချိန်တွေဆို အရမ်းသတိရတယ်”လို့ အေသင်ချိုဆွေက ဧရာဝတီကို ပြောပါတယ်။