Entertainment

လူငယ်အဆိုတော်အသစ်တွေအတွက် သီချင်းခွေထုတ်ပေးတဲ့ အဆိုတော် လင်းလင်း

တေးရေး၊ တေးဆို အဆိုတော်လင်းလင်းက ထုတ်ဝေသူအဖြစ် ပထမဆုံးခြေလှမ်းအနေနဲ့ လုပ်ဆောင်လာတဲ့ Blood Of Century Band ဆိုတဲ့လူငယ်အဖွဲ့တဖွဲ့ရဲ့ “Underground Revolution”အမည်ရှိ တေးစီးရီးသစ် ထုတ်လုပ်ပေးလိုက်ပါတယ်။ ဒီအခွေမိတ်ဆက်ပွဲကိုတော့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ရှိ Home of Orchid မှာပြုလုပ်ပါတယ်။

ဂီတကိုအမှန်တကယ် နှစ်သက်၊ ရူးသွပ်တဲ့လူငယ်တွေကို စာချုပ်စာတမ်းမပါ၊ အကျိုးအမြတ်ကဏ္ဍမရှိ၊ စီစဉ်သူဆိုတဲ့အနေနဲ့မဟုတ်ဘဲ ဒေါက်တိုင်တခုအနေနဲ့သာ ရည်ရွယ်တယ်ဆိုတဲ့ အခွေကိုထုတ်ဝေပေးတဲ့ အဆိုတော်လင်းလင်းကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အခု အခွေထုတ်ပေးတဲ့ လူငယ်တွေက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က လုပ်ခဲ့တဲ့ လင်းလင်းနဲ့ Fan Meeting ပွဲမှာကတည်းက ပါခဲ့တဲ့ သူတွေလား။

ဖြေ။ ။ ဟုတ်တယ်။ အဲဒီအချိန်ကတည်းက ပါလာတဲ့ကလေးတွေ။ အဲဒီတုန်းကတော့ အတွဲခွေလုပ်ကြဖို့ပေါ့။ နောက်တော့ လုပ်ရင်း၊ လုပ်ရင်းနဲ့ တကိုယ်တော်ပဲလုပ်ဖြစ်တယ်။ အတွဲခွေက သက်သက်ရှိတယ်။ အားလုံးတီးပြီးသား။ ပြန်ဖျက်ပစ်လိုက်ပြီး အစကပြန်လုပ်နေတယ်။

မေး။ ။ သူတို့ကရော စလာကတည်းက အဖွဲ့လိုက်လာတာလား။ လာတဲ့သူတွေထဲကမှ ဒီအဖွဲ့ကိုအရင်ဆုံး စထုတ်ပေးဖြစ်တာက ဘာကြောင့်လဲ။

ဖြေ။ ။ ဟုတ်တယ်။ အဖွဲ့လိုက် သူ့အဖွဲ့နဲ့သူလာတာ။ ကျနော့်ဆီကိုပို့သမျှ လာသမျှအခွေတွေကိုနားထောင်တယ်။ အားလုံးကိုနားထောင်ပြီးမှ ရွေးတာ။ ဘယ်သူရယ်၊ ဘယ်ဝါရယ်မသိဘူး။ နားထောင်ပြီးမှ တယောက်ချင်းစီပြန်ဆက်သွယ်တာ သူတို့ဖြစ်နေတယ်။ အတွဲခွေအတွက် တဖွဲ့ကို နှစ်ပုဒ်၊ သုံးပုဒ်စီ လုပ်ကြတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ အားပါလာပြီး ချတော့ကွာ တကိုယ်တော်ခွေသာထုတ်တော့လို့။

မေး။ ။ ကိုယ်တိုင်ရေး၊ဆိုတွေဆိုတော့ အခုအခွေမှာပါတဲ့ သီချင်း ၁၁ ပုဒ်က အသစ်တွေလား။ လင်းလင်းကို ပို့ထားတဲ့ သီချင်းတွေရောပြန်ပါလား။

ဖြေ။ ။ ကျနော့်ကို ပေးနားထောင်တဲ့ သီချင်းတွေပါတယ်။ ထပ်လုပ်တဲ့အသစ်တွေလည်းပါတယ်။

မေး။ ။အဲဒါကျတော့ လင်းလင်း Guide Line ချပေးသေးလား။ လင်းလင်းက ကျနော်က ဒေါက်တိုင်အနေနဲ့ပဲ ပါတယ်ဆိုလို့လေ။ သီချင်းတွေအတွက် ထောက်ပံ့ပေးတာတွေမရှိဘူးလား။

ဖြေ။ ။ သူတို့ရဲ့ Creation မှာ ကျနော်က ဘာမှမပါဘူး။ သူတို့ကိုစိတ်ကြိုက် ပေးလွှတ်ထားပေးတယ်။ သူတို့တိုင်ပင်တဲ့ဟာကိုပဲ ဝင်ဆွေးနွေးတယ်။ သူတို့ Arrange တွေကတော့ စိတ်ကြိုက်လုပ်ခိုင်းတာ။ ဘယ်သီချင်းမှာတော့ ဘာနဲ့တီး၊ ဘယ်သီချင်းကတော့ ဘယ်နားမှာ ဘာနဲ့တီးရင်ကောင်းမယ်ဆိုတာလောက်ပဲ ဝင်ပြောဖြစ်တယ်။

မေး။ ။ သူတို့ခေတ်နဲ့ ကိုယ်တွေခေတ်က မတူတဲ့အတွက် အခုလိုအသစ်တွေကိုထုတ်ပေးရတဲ့အခါ အခွေထွက်ခါနီး စိတ်ထဲမှာ Emotion တခုခုများဖြစ်သေးလား။

ဖြေ။ ။ Emotion ဘယ်လိုရှိလဲဆိုတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် အခုနောက်ပိုင်းမှာ သူတို့ ဒီအခွေထွက်သွားပြီးနောက်ပိုင်းမှာ သူတို့ရည်မှန်းထားသလို၊ သူတို့မျှော်မှန်းထားသလိုပဲ ဖြစ်စေချင်တယ်။ သူတို့ဆန္ဒလေး ပြည့်ဝသွားစေချင်တယ် ။ ဒါပဲ။ ဒါကသူတို့ကြိုးစားမှုပဲလေ။ ကြိုးစားမှုမှာ အတိုင်းအတာလေးတခုထိ သူတို့ကိုဖြစ်စေချင်တယ်။

မေး။ ။ အခုကာလမှာက အသစ်ကိုတင်ဖို့ဆိုတာ ရလာဒ်က ၅၀ း၅၀တောင်မှန်းလို့ မရတဲ့ခေတ်မှာ လင်းလင်းက အသစ်တွေကို ထုတ်ပေးဖြစ်တဲ့စိတ်ကူးက ဘယ်လိုကြောင့်လဲ။

ဖြေ။ ။ အခုအချိန်က ၅၀:၅၀တောင် မရှိပါဘူး။ အသစ်တွေကိုထုတ်ပေးဖြစ်တဲ့ စိတ်ကူးဆိုရင်တော့ ကျနော့်ဂီတဘဝ အစကိုပဲ လှမ်းပြောရမှာ။ ဂီတဘဝအစမှာ ဒုက္ခတော့ မဟုတ်ဘူး။ အခက်အခဲတွေ ရှိခဲ့၊ ကြုံခဲ့တယ်ပေါ့။ တွေ့ခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်ပေါ့။ အဲဒီအခါက ကျနော့်မှာ စိတ်ကူးတခုရှိခဲ့တယ်။ ငါတနေ့နေ့၊ တနေရာရာမှာ ထိုက်သင့်လျောက်ပတ်တဲ့ အားအင်တခုနဲ့ရပ်တည်နိုင်ရင် အထူးသဖြင့် Creation လုပ်နိုင်တဲ့ ဂီတသမားတွေ ၊ ကိုယ်တိုင်ရေးနိုင်၊ တီးနိုင်၊ ဆိုနိုင်တဲ့သူတွေကိုပေါ့။ ငါနိုင်တဲ့ဝန်၊ နိုင်တဲ့အားနဲ့ ငါ ဒေါက်တိုင်တခုအနေနဲ့ ထောက်မယ်။ အခွေထုတ်ပေးမယ်ပေါ့။ အဲဒီရည်ရွယ်ချက်ကလေးက စတယ်ပြောရမှာပေါ့။ အဲဒီစိတ်ကူးကို အခုအကောင်အထည်ဖော်ဖြစ်တာပေါ့။

မေး။ ။ လင်းလင်းပထမဆုံးထုတ်ဝေပေးလိုက်တဲ့ သူတို့အပေါ်၊သူတို့ဂီတအပေါ် လင်းလင်းရဲ့ Feeling ကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ သူတို့ရဲ့ကြိုးစားအားထုတ်မှု၊ ဒီဂီတအပေါ်မှာ သူတို့ရဲ့ သက်ဝင်ယုံကြည်မှု အဲဒါကိုစငြိတာ။

မေး။ ။ ဒီကနေတဆင့် နောက်ထပ်ဆက်လှမ်းမယ့် ခြေလှမ်းတွေကရော ဘာတွေရှိမလဲ။

ဖြေ။ ။ သူတို့အတွက်တွေ ရှိတယ်။ေ နာက်ထပ်လေး၊ ငါးခွေလောက်ရှိတယ်။ ပြီးသလောက်တွေဖြစ်နေပြီ။ တောက်လျှောက်လာမယ်။ အဖွဲ့ခွေတွေပေါ့။ ကိုယ်တိုင်အတွက် အခွေကလည်းပြီးနေပါပြီ။ လာတော့မှာပါ။ ကိုယ့်ဟာကို စိတ်တိုင်း မကျလို့ပြင်ရင်းနဲ့ Delay ဖြစ်နေတာပါ။

မေး။ ။ လင်းလင်းတို့အရင်ကလည်း ကြိုးစားပြီး ကိုယ့်စိတ်ကြိုက်လုပ်တယ်။ ပရိသတ်ရင်ထဲထိတဲ့ သီချင်းတွေဖြစ်လာတယ်။ ဒီခေတ်မှာလည်း တစ်ချို့တွေမှာ အရမ်းကြိုးစားရဲ့သားနဲ့ သီချင်းတွေကပရိသတ်ဆီမရောက်ဘဲ လေထဲမှာတင်ပျက်သွားသလိုဖြစ်ရတာက ခေတ်ကြောင့်လား ။ပရိသတ်ကြောင့်လား ။အသစ်တွေကိုရော ပြောချင်တဲ့စကားကဘာဖြစ်မလဲ။

ဖြေ။ ။ အဲဒါကလေ နှစ်ဦးနှစ်ဖက်နဲ့ဆိုင်တယ်။ ကြိုးစားမှုနဲ့လုပ်နေတဲ့သူရော၊ အဲဒီကြိုးစားမှုကို လိုက်ကြိုက်တဲ့သူရော၊ အဲဒီနှစ်ဖက်ရဲ့ အတ္တတွေမာဖို့ ။မာနတွေ မာဖို့လိုတယ်။ အဲဒါတွေနဲ့ဆိုင်တယ်လို့်ပဲ ကျနော်ကတော့ထင်တယ်။ အသစ်တွေကိုတော့ ဘာအကြောင်းကြောင်းနဲ့မှ ရပ်မသွားနဲ့ ၊နောက်ဆုတ်မသွားနဲ့၊ ငြိမ်မသွားနဲ့၊ ကိုယ့်လုပ်စရာရှိတာသာ ဆက်လုပ်နေ၊ ကိုယ်ကြိုးစားစရာရှိတာသာ ကြိုးစားနေ၊ အားထုတ်စရာရှိတာသာ အားထုတ်နေ၊ ဖြည့်ဆည်းစရာရှိတာသာ ဖြည့် ဆည်းနေ၊ ကိုယ့်ရဲ့ကြိုးစားမှုသာ မရပ်ဘဲနဲ့ အရှိန်အဟုန်ကောင်းနေပါစေ၊ လမ်းစဟာ ပေါ်လာလိမ့်မယ်ပေါ့။

အဆိုတော် လင်းလင်းက ကိုယ်ပိုင်တကိုယ်တော်ခွေအပြင် ဇနီးဖြစ်သူချစ်သုဝေရဲ့ တကိုယ်တော်ခွေအတွက်လည်း ကြိုးစားနေပြီး မကြာမီလို့ ထွက်ရှိလာမယ်လို့ ပြောပါတယ်။

Loading