မကြာခင်ရုံတင်ပြသတော့မယ့် “ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားကို ဖန်တီးရိုက်ကူးထားတဲ့ ဒါရိုက်တာကိုပေါက်က ဂျင်းကောင်ကားကို “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ” ဗီဒီယိုကားနဲ့ အမှတ်မှားနေကြတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ပထမ “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ” ဆိုတဲ့ ကားလေးမှာ ဂျင်းကောင်ဆိုပြီး ပရိသတ်တွေက ကြိုက်ကြတယ်။ အားပေးကြတယ်။ တနိုင်ငံလုံးကလည်း မြင့်မြတ်ကို ဂျင်းကောင်ဆိုပြီး နာမည်တခု ဖြစ်တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ အဲ့အတွက် ထုတ်လုပ်သူတို့ ကျနော်တို့က ဂျင်းကောင်ကားလေးကို ရုပ်ရှင်ကားကြီး အနေနဲ့ ဖန်တီးကြရအောင်ဆိုပြီး ရုပ်ရှင်ကားကြီးအနေနဲ့ ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့”
“ကျနော်တို့ စဉ်းစားချိန်နဲ့ ပရိသတ်ဆီရောက်တဲ့အချိန် တော်တော်ကြာသွားတယ်လို့ ပြောလို့ရမယ်။ မြင့်မြတ်ရက်ရဖို့ ကျနော်တို့ ဖန်တီးရတဲ့ အချိန်တွေနဲ့ ကြာသွားတယ်။ တကယ်ဆို ပရိသတ်ကို စောစောလေး ပေးချင်တာပေါ့။ ကျနော့်ကို ဝေဖန်ကြလည်း ကျနော်မသိဘူး။ ပထမ ဂျင်းကောင် ရိုက်ပြီးသားကို ဒုတိယ ဂျင်းကောင် ထပ်ရိုက်တာ မဟုတ်ဘူး။ ရှေ့မှာတော့ “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ”ကားနဲ့ ပရိသတ်တွေက လွဲနေကြတယ်”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။
“ဒီကားကြီးက ရုံတင်ပြီးသားပြပြီးသားကြီးကို ရုံတင်တယ် ထင်နေကြတယ်။ ရှေ့မှာ ဗီဒီယို အဲ့ကားမှာ မြင့်မြတ်က ဂျင်းကောင်လည်း မဟုတ်ဘူး။ မြင့်မြတ်က အောင်ဒင်၊ ပရိသတ်က သူ့ဘာသာ ပရိသတ်ကို နာမည်ပေးကြတာ။ ပရိသတ်တွေ အမှတ်မှားနေကြတယ်”လို့ ဒါရိုက်တာ ကိုပေါက်က ဆိုပါတယ်။
ဂျင်းကောင် ဇာတ်ကားကို ရှေ့ကဖန်တီးပြီးသားကို ပြန်ရိုက်ပြီး လုပ်စားတယ် ဆိုတဲ့ ဝေဖန်မှုများလည်း ရှိနေပြီး ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ ကိုပေါက်က အခုလိုဆိုပါတယ်။
“ဇာတ်ကားထဲက ကာရိုက်တာက ကိုရိုင်း၊ သူငယ်ချင်း ကိုဂျော့စိန်။ ကိုဂျော့စိန် ကာရိုက်တာ မူရင်းက ကိုအရိုင်း။ ဇာတ်ရေးကတည်းက ကိုအရိုင်းကို ထည့်စဉ်းစားခဲ့တော့ ကိုအရိုင်းကို ပါစေချင်တယ်။ မူလဂျင်းကောင်နဲ့ ခေတ်သစ် ဂျင်းကောင် နှစ်ယောက်ကို ပေါင်းပေးထားတာပေါ့”
“ကျနော့်ကို ပြောကြတယ်။ ရှေ့ကဖန်တီးပြီးသားကို ပြန်ရိုက်ပြီး လုပ်စားတယ် ပြောကြတယ်။ ကျနော်တို့ ဆက်ရိုက်တယ် ဆိုတာ စီးပွားရေးအရသော် လည်းကောင်း ပရိသတ်အားပေးမှုကြောင့်သော် လည်းကောင်း ကျနော်တို့ ထပ်ရိုက်ကြတယ်။ ဒီကားကို ဖန်တီးရချိန်မှာ ကျနော် အခက်အခဲ ရှိခဲ့ပါတယ်။ ဗီဒီယိုထက်လည်း ကောင်းအောင်ကြိုးစားထားပါတယ်”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။