သရုပ်ဆောင် စမိုင်းလ်ရဲ့ “Sharing Is Caring” ဆိုတဲ့ စာအုပ် မိတ်ဆက်ပွဲနဲ့ စာအုပ်ရောင်းချ လက်မှတ်ထိုးပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့ရှိ Junction City မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၆လလောက် အချိန်ယူပြီး ပြင်ဆင်ခဲ့ရတဲ့ စာအုပ်လေးကို စမိုင်းလ်တယောက်တည်းအတွက် မဟုတ်ဘဲ အားလုံးအတွက် ဒီစာအုပ်လေးကို ထုတ်ဖြစ်ခဲ့ တယ်လို့ဆို ပါတယ်။
စမိုင်းလ် ကိုတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်အောင် ပြောဆိုခဲ့ဖူးသူတွေလည်း ရှိသလို “ဝနေရင် ယောကျ်ားပစ်သွားမှာပေါ့”လို့ ပြောတဲ့ သူတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပေါ်ကို စမိုင်းလ်က အခုလို တုံ့ပြန်စကားဆိုခဲ့ပါတယ်။
“ပိန်ပြီးတော့ လှနေတဲ့သူတွေကျတော့လည်း စနှိုက်ကြော်ပြီးတော့ ခြံခုန်ကြတဲ့သူတွေရှိတာပဲလေ။ ဝမှ ယောကျ်ားပစ် မှာမဟုတ်ဘူး။ ပိန်နေရင်လည်း ယောကျ်ားပစ်ချင် ပစ်မှာပဲ။ အဲဒါကြီးကိုပဲ လာပြီးတော့ ပြောနေစရာ မလိုဘူး။ ကိုယ့်အိမ်ထောင်တခုက တည်မြဲမယ်၊ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကိုချစ်ဖို့ အဓိကပါပဲ။ ဝတာပိန်တာနဲ့ အိမ်ထောင်ရေး ကမဆိုင်ပါဘူး။ ပိန်ပြီးလှတဲ့သူရဲ့ ယောကျာ်းက ဖောက်ပြန်နိုင်တာပဲ”
“အိမ်ထောင်ရေးက ဝမှပိန်မှ မဟုတ်ပါဘူး။ တယောက်နဲ့ တယောက်အပြန်အလှန်ချစ်နေရင် အိမ်ထောင်ရေးက ဘာမှမဖြစ်ပါဘူး။ အမျိုးသမီးထု ကြီးကိုပြောချင်တာက ဝလို့လည်း စိတ်ဓာတ်မကျပါနဲ့ ဝဝပိန်ပိန် ကိုယ့်ယောကျာ်း ကိုယ့်ကို ချစ်နေရင် ပြီးတာပါပဲ။ စမိုင်းလ်ကိုဘဲ ကြည့်ပါလို့ ပေါင်၂၀၀ကျော်ဝခဲ့တာတောင် ယောကျာ်းမပစ်ပါဘူးလို့။ ယောကျာ်းကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ကြောင့်သာ စမိုင်းလ်လည်း ဒီလို ခန္ဓာကိုယ်ရခဲ့တာပါ” လို့ စမိုင်းလ်က ဆိုပါတယ်။
“စမိုင်းလ်တယောက်တည်းအတွက် မဟုတ်ဘဲ အားလုံးအတွက် ဒီစာအုပ်လေးကို ထုတ်ပေးတာ။ အခုလို ထုတ်လိုက်ရ တော့ အရမ်းလည်း ပီတိဖြစ်ရပါတယ်။ စာအုပ်ဖတ်ပြီး နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ၆လလောက် အချိန်ယူပြီး လုပ်ခဲ့ရတယ်။ အဓိကက Body Shaming လုပ်တဲ့သူတွေ နဲ့ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ကျန်းမာဖို့ လိုအပ်တာ ကြောင့် အစ်မဝိတ်ချခဲ့တယ်။ အဲ့ အတွက် ဒီစာအုပ်ထဲမှာ အကုန်ပြောပြပေးထားတယ်” လို့ စမိုင်းလ်က ဆိုပါတယ်။
အရင်ခန္ဓာကိုယ်ကြောင့် အများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတဲ့အတွက် ဝိတ်ချခဲ့ပြီး ဒါနဲ့ပတ်သက်တဲ့ ခံစားချက်ကိုလည်း အခုလိုဆိုထားပါတယ်။
“ အစ်မ Cyber Bullying အရမ်းအလုပ်ခံရတယ်။ အစ်မရဲ့ ခန္ဓာကိုယ်ပိန်ချင်း ဝချင်းနဲ့ ပတ်သက်ပြီး အမြဲအပြောခံရတယ်။ ဝိတ်ချဦး။ ဘယ်လိုပုံစံဖြစ်နေတာလဲ။ အသားကို လာကိုင်ကြည့်ဟယ်၊ ဝတုတ်နေတာပဲ။ ကျစ်နေတာပဲ အဲဒီလိုတွေ ပြောကြတယ်။ အစ်မရဲ့ ခန္ဓာကိုယ်ကို အစ်မပဲ ပိုင်တယ်။ အဲဒီအခါကျတော့ လူက ဆိုက်ကိုတွေဖြစ်ပြီး ကြောင်တောင်တောင်တွေ ဖြစ်လာတာပေါ့နော်။ အခု ဝိတ်ချလိုက်ပြန် တော့လည်း တချို့တွေက သိပ်မပိန်သေးဘူး ဝိတ်ဆက်ချဦး ဆိုတာက ပါသေးတယ်”
“ကိုယ့်ကို အက်ဆစ်နဲ့ ပက်လိုက်သလို ခံစားရတာပေါ့နော်။ အခုချိန်ထိလည်း အပြောခံနေရတုန်းပါပဲ။ အစ်မဒုတိယ အနေနဲ့ လေ့ကျင့်ခန်းတွေ လုပ်တာတွေ Diet ဘယ်လိုချတာတွေကို စီစဉ်နေတယ်။ အစ်မ စာအုပ်တအုပ်ကို ၁၀၀၀၀နဲ့ရောင်းမှာပါ။ အမြို့ မြို့အနယ်နယ်မှာ ရနိုင်ပါတယ်’’ လို့ စမိုင်းလ်က ပြောပါတယ်။
စမိုင်းလ်က စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်တော့မှာလဲ ဖြစ်ပါတယ်။ ဒါ့အပြင်အခြား စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသလို အလှူအတန်း တွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။