အဆိုတော်တွေ ဖြစ်ကြတဲ့ Alicia Keys, Lady GaGa, Jennifer Lopez, Jada Pinkett Smith နဲ့ အမေရိကန် သမ္မတကတော်ဟောင်း Michelle Obama တို့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ အဖွင့်နှုတ်ဆက်စကားပြောဆိုပေးခဲ့ပြီး စင်အောက်မှာရှိတဲ့ ပရိသတ်တွေကလည်း တခဲနက် အားပေးခဲ့ကြ တာကို တွေ့ခဲ့ရပါတယ်။
ထူးခြားထင်ရှားတဲ့ အမျိုးသမီး ငါးဦးဟာ အနောက်တိုင်းဂီတလောကရဲ့ အကြီးဆုံး ဆုပေးပွဲမှာ ဂီတဆိုတာ သူတို့အတွက် ဘယ်လိုအဓိပ္ပါယ်ရှိလဲဆိုတဲ့ ဂီတကိုဘယ်လောက်ချစ်မြတ်နိုးတယ် ဆိုတာကို ပြောကြားပေးခဲ့ပါတယ်။
အဆိုတော် Lady Gaga က “ကျမရဲ့ အကြည့်၊ ရွေးချယ်မှုနဲ့ အသံက အလုပ်မဖြစ်ဘူး တော်တော်လေး ဆိုးရွားတာပဲလို့ သူတို့တွေက ပြောကြတယ်။ ဒါပေမယ့် သူတို့ပြောတာ နားမထောင်ဖို့ ဂီတက ကျမကို ပြောတယ်။ ဂီတက ကျမရဲ့ နားတွေ၊ လက်တွေ၊ အသံ၊ စိတ်ဝိညာဉ်တို့ကို သိမ်းပိုက်သွားပါတယ်။ ကျမ သိပ်ချစ်ရတဲ့ ကျမရဲ့ Little Monsters (ပရိသတ်) တွေဆီကိုခေါ်ဆောင်သွားပါတယ်” လို့ ဆိုပါတယ်။
အဆိုတော် Jennifer Lopez ကတော့ ” The Bronx အရပ်မှာ ကြီးပြင်းလာပြီး ဂီတက ကျမကို ကဖို့၊ Rap သီဆိုဖို့၊ ဖရီးစတိုင်၊ ပေါ့ပ်၊ Soul နဲ့ salsa တို့ကိုဖန်တီးဖို့ အကြောင်းပြချက်ပေးပါတယ်။ ကြီးမားတဲ့ စင်တွေနဲ့ ကြီးမားတဲ့ ဖန်သားပြင်တွေဆီမှာ ရှိနေတဲ့ အတားအဆီးတွေကို ကျမအတွက် ဖယ်ရှားပေးပါတယ်။ ကျမ ဘယ်ကနေလာ သလဲဆိုတာရယ် ကျမသွားနိုင်တဲ့နေရာတွေကဘာလဲဆိုတာကိုလည်း သတိတရ ရှိစေပါတယ်။ ဂီတဆိုတာက ကျမတို့အားလုံး အမှန်တကယ်လွတ်လပ်နိုင်တဲ့ နေရာတခုဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့တဲ့ ခင်ပွန်း သမ္မတဟောင်း Barack Obama ရဲ့ ကောင်းမွန်တဲ့အချိန်မှာရော၊ ဆိုးရွားတဲ့အချိန်မှာရော ဖြတ်သန်းနိုင်ဖို့ ဂီတက ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာကို Michelle Obama က ပြောဆိုခဲ့ပါတယ်။
သမ္မတကတော်ဟောင်းက ” ကျမ ချီကာဂိုမြို့ရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ Motown Records ကနေ ဆယ်စုနှစ် တခုလောက်တုန်းက Who Run The World သီချင်းက ကျမကို ခွန်အားတွေ ရစေတယ်။ ဂီတက ကျမကို ကျမရဲ့အကြောင်းတွေ ပြောနိုင်စေဖို့ ကူညီပေးတယ်။ ဒီမှာရှိတဲ့ လူတိုင်းအတွက် အဲဒီလိုအမှန်ပဲ ဆိုတာ ကျမ သိပါတယ်”
“ ကန်းထရီးပဲဖြစ်ဖြစ်၊ Rap ပဲဖြစ်ဖြစ်၊ ရော့ခ်ပဲဖြစ်ဖြစ် ဂီတက ကျမတို့ရဲ့ ဂုဏ်သိက္ခာတွေ၊ ဝမ်းနည်းမှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်မှုတွေကို မျှဝေတဲ့နေရာမှာ ကူညီပေးပါတယ်။ တဦးကို တဦး ရင်ဖွင့်သံတွေကို ကြားနိုင်ပါတယ်။ သီချင်းတိုင်းမှာ အသံတွေ၊ နုတ်တွေအတွင်းမှာရှိတဲ့ အကြောင်းအရာတွေက ကျမတို့ကို လမ်းပြပေးပါတယ်” လို့ဆိုပါတယ်။
အဲဒီ့နောက် အစီအစဉ်မှူး Keys က “ဂီတကနေတဆင့် ကျမတို့အားလုံးရဲ့ ကြီးကျယ်ခမ်းနားမှုကို ဒီညမှ ကျင်းပလိုက်ကြရအောင်” ဆိုပြီး အဆုံးသတ်စကားပြောဆိုခဲ့ပါတယ်။
Ref: aceshowbiz