ဆိုင်ကယ်စီးတာကို ဝါသနာပါပြီး ဆိုင်ကယ်ချစ်သူများအဖွဲ့နဲ့လည်း ပရဟိတလုပ်ငန်းများစွာလုပ်ကိုင်လျက်ရှိတဲ့ အဆိုတော်ထူးအယ်လင်းကတော့ ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးခွင့်မရတာနဲ့ ပတ်သက်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ်စီးတာကို တရားခံလိုကြည့်တာလောက် အမြင်ကတ်တာမရှိဘူး လို့ ထူးအယ်လင်းကပြောပါတယ်။
“ဆိုင်ကယ်က ပေးစီးသင့်တယ်။ တချို့တွေက ကားမစီးနိုင်တဲ့သူတွေက ဆိုင်ကယ်လေးနဲ့ သက်သက်သာသာ ပေးစီးလို့ရတယ်။ ဆိုင်ကယ်လေးနဲ့သွားမှ ရောက်မယ့်နေရာတွေရှိတယ်။ ရန်ကုန်မြို့ထဲက အစွန်အဖျား နေရာလေးတွေမှာ ဆိုင်ကယ်လေးနဲ့သွားမှရမယ့်နေရာတွေရှိတယ်။ သူတို့တွေအတွက် အရမ်းလိုအပ်တယ်”
“ မစီးသင့်တဲ့နေရမှာ မစီးနဲ့ပေါ့။ စီးသင့်တဲ့နေရာပေးလိုက်ပေါ့။ ဒါမျိုးတော့ရှိသင့်တာပေါ့။ ပြောတော့ ဒီမိုကရေစီနိုင်ငံလို့ပြောတယ်။ ကမ္ဘာမှာ ဆိုင်ကယ်မစီးရတဲ့မြို့က ရန်ကုန်မြို့တမြို့ပဲရှိတယ်” လို့ ထူးအယ်လင်းကပြောပါတယ်။
နိုင်ငံတကာမှာရော မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာပါ ဆိုင်ကယ်စီးဖို့အတွက် လမ်းကြောင်းသက်သက် ရှိနေပြီး ရန်ကုန်မြို့မှာသာ မရှိသေးတဲ့အတွက် လုပ်ပေးစေချင်တယ်လို့ ထူးအယ်လင်းက ပြောပါတယ်။
“ကိုယ့်ပိုက်ဆံနဲ့ကိုယ်စီးပြီးတော့ ကိုယ်တွေကို တရားခံလိုကြည့်တာလောက် အမြင်ကတ်တာမရှိဘူး။ အဲဒီလိုမျိုးကို လာဖမ်းတယ်ဆိုရင် ဘာကောင်မို့လို့လဲဆိုပြီးတော့ စိတ်တအားတိုတယ်။ နိုင်ငံတကာမှာလည်း ဆိုင်ကယ်စီးဖို့အတွက် နေရာတွေရှိတယ်။ အဲဒါမပြောပါနဲ့ မန္တလေးတို့ နေပြည်တော်တို့မှာဆိုရင်လည်း ဆိုင်ကယ်စီးဖို့အတွက် မျဉ်းကြောင်း အဝါလေးတွေနဲ့ လုပ်ပေးထားတယ်။ ဒါမျိုးတွေလုပ်ပေးလိုက်ရင်ရနေတာကို။ သူတို့တွေအနေနဲ့ လုပ်ပေးလိုက်ရင် ရတာကို ပဲပင်ပေါက်ပဲပြားအကွက်တွေ။ အလကား သူတို့တာဝန်မယူချင်လို့” လို့ထူးအယ်လင်းက ပြောပါတယ်။
ထူးအယ်လင်းအနေနဲ့ ဆိုင်ကယ်စီးနင်းကြတဲ့ ဝါသနာရှင်များနဲ့အတူ ပရဟိတလုပ်ငန်းများစွာ ၊ အလှူများစွာကိုလည်း ပြုလုပ်လျက်ရှိပြီး မကြာခင်မှာလည်း ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် လူမှုကူညီရေးအသင်းမှ ထူထောင်ထားသော မုဒိတာအသင်းကြီး ရန်ပုံငွေမလုံလောက်တဲ့အတွက် ပြိုလဲပျက်သုန်းမယ့်အရေးကာကွယ်နိုင်ရန် ရန်ပုံငွေဖျော်ဖြေပွဲပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။
“အလှူဘယ်နှခုလောက် လုပ်ပြီးသွားပြီလဲဆိုတာတော့ မသိဘူး။ ဆိုင်ကယ်ချစ်သူညီအစ်ကိုတွေ ဘုရားလည်း တည်တယ်။ စေတီဆို ၇ဆူရှိပြီ။ ရေတွင်းရေကန်၊ အိမ်သာကအစလှူတယ်။ သဂြိုလ်စက်တွေလှူတယ်။ လူမှုကယ်ဆယ်ရေးအသင်းတွေ ၊ နာရေးအသင်းတွေ ထူထောင်ပေးတယ်။ ခေါင်းတလားတွေဝယ်လှူပေးတယ်။ မိဘမဲ့ကလေးတွေကို လှူတယ်။ အများကြီးပါပဲ” လို့ ထူးအယ်လင်းက ပြောပါတယ်။