ယနေ့ ကျရောက်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ တကမ္ဘာလုံးမှာရှိတဲ့ ချစ်သူ၊ စုံတွဲတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားရပြီး ချောကလက်များ၊ ပန်းစည်းများ၊ လက်ဆောင်များစွာကို အချင်းချင်း ပေးကြတဲ့ အမှတ်တရ နေ့လေးတနေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာတော့ ပရိသတ်များရဲ့ အချစ်တော် မင်းသမီးတွေကရော ဘယ်လိုအစီအစဉ်များနဲ့ ဖြတ်သန်းမလဲ၊ ဘယ်လို လက်ဆောင်မျိုးကို လိုချင်ကြမလဲဆိုတာကို အခုလိုပဲ ပြောပြထားပါတယ်။
အေးမြတ်သူ
“ချစ်သူများနေ့ လက်ဆောင်တွေဘာတွေ မစဉ်းစားတော့ပါဘူး။ မျှော်လင့်နေပြီး မရရင် ကိုယ်ပဲ ငိုရမှာလေ။ အဲဒီတော့ မစဉ်းစားဘူး။ အရမ်းကို စိတ်လှုပ်ရှားပြီးတော့ ရိုမန့်တစ်ကိုကြိုက်တဲ့ အမျိုးသမီးတွေ အမျိုးသားတွေအတွက်တော့ ဟုတ်မှာပေါ့။ အေးမြတ်သူတို့ကတော့ ဘဝမှာ လက်တွေ့ဆန်ဆန် ဖြတ်သန်းတဲ့သူဆိုတော့ ချောကလက် စားရခြင်း၊ မစားရခြင်းထက် ကိုယ့်အပေါ်ကို သစ္စာရှိခြင်း၊ မရှိခြင်းကို ပိုစိတ်ဝင်စားပါတယ်”
“အမှန်တော့ ဘယ်အချိန်မှာမှ ဘာမှ မမျှော်လင့်တာ အကောင်းဆုံးပဲ။ ကိုယ့်စိတ် ငြိမ်းချမ်းတယ်။ ကိုယ့်ဘာသာကိုယ် လုပ်နိုင်ရင် ဘယ်သူ့ကို အားကိုးမှာလဲ။ ကလေး မဆန်ပါနဲ့တော့။ Surprise တွေ ဘာတွေက လုပ်ယူလို့ရတယ်။ သစ္စာတရားရှိမှုတွေက မရဘူး။ အဲဒါတွေကို တည်ဆောက်ပါ”လို့ အေးမြတ်သူက ပြောပါတယ်။
ထက်ထက်ထွန်း
“ချစ်သူများနေ့မှာ ပွဲရှိတယ်၊ အလုပ်ရှိတယ်။ ပရိသတ်တွေက ဗယ်လင်တိုင်းမှာ ဖြတ်သန်းဖို့အတွက် ရိုမယ့်သူ မရှိဘူးတို့၊ ရိုပေးမှာ မဟုတ်ဘူးလို့ ပြောကြလို့တဲ့။ ပရိသတ်တွေက အိမ်ကိုလာပြီး ကိတ်မုန့်ပို့ထားတာ ရှိတယ်။ ချစ်သူနဲ့ တူတူ ခွဲပါတဲ့။ ချစ်သူ မလုပ်ပေးမှာစိုးလို့ သူတို့ လုပ်ပေးတာပါတဲ့။ သူတို့ပေးတဲ့ အရာတွေကို သူတို့နဲ့ မဟုတ်ဘဲ ချစ်သူနဲ့ တူတူ ခွဲရမှာပေါ့နော်။ အရမ်းတော့ ဟဲဗီး မရှိဘူး”
“ရိုမှ ချစ်တယ်လို့လည်း လက်မခံတော့ဘူး။ အခုချိန်မှာအလုပ်လုပ်နေတဲ့သူတယောက်ဖြစ်တဲ့အတွက် ရင့်ကျက်လာပြီ။ မျှော်လင့်ချက်တွေ ရှိတယ်။ ရည်မှန်းချက်တွေ ရှိတယ်။ အဲဒီအချိန်မှာ ဒီအချစ်ရေးကြီးနဲ့ ရိုနေတယ်ဆိုတဲ့အရာက ထက်ဘဝအတွက် အရမ်း အရေးမကြီးတော့ဘူး။ ပကာသနလို ဖြစ်လာတယ်။ အချိန်ကုန်တယ်လို့ ထင်လာတယ်”လို့ အလှမယ် ထက်ထက်ထွန်းက ပြောပါတယ်။
ရွှေအိမ်စည်
“ဗယ်လင်တိုင်းဒေးမှာတော့ ဘာအစီအစဉ်မှ မရှိဘူး။ သူငယ်ချင်းတယောက်နဲ့တော့ ချိန်းထားတယ်။ သူလည်း ဘာအစီအစဉ်မှ မရှိဘူးဆိုတော့ တွေ့ကြမယ်လို့ ချိန်းထားတယ်။ နှစ်ယောက်တည်း ဝိုင်လေးသောက်လိုက် ဒင်နာလေး စားလိုက်နဲ့ နေကြမယ်လို့ ပြောထားတယ်။ သူငယ်ချင်းတွေဆီက ရမယ်လို့တော့ ထင်တာပါပဲ။ ဒါပေမယ့် ဒီမှာက အဲဒီလိုမျိုးတွေ အရမ်းခေတ်စားတာ မဟုတ်တော့ သူတို့ဘဲတွေ စော်တွေပဲပေးကြတာဆိုတော့၊ လက်ဆောင်က မမျှော်လင့်ထားပါဘူး။ မျှော်လင့်ထားတဲ့သူလည်း မရှိပါဘူး”
“အိမ်စည့် အတွက်ကတော့ ချစ်သူရှိရှိ၊ မရှိရှိ ဗယ်လင်တိုင်းဒေးမှာတော့ အမြဲတမ်း Single ပဲ။ ဒီနှစ်ကတော့ စိတ်ချမ်းသာရမယ့်နှစ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ မျှော်လင့်စရာ မလိုဘူးလေ။ ချစ်သူ ရှိရင်တောင်မှ မျှော်လင့်ချက်ထားနေဦးမယ်။ မဖြစ်လာတဲ့အခါမှာ ကိုယ်ကစိတ်ဆိုးရတာတွေ ရှိတယ်လေ။ မရှိတဲ့အခါကျတော့ တခုခုရှိလာခဲ့ရင် Surprise ပေါ့။ ကိုယ့်ဘာသာ အဆင်ပြေတယ်”လို့ ရွှေအိမ်စည်က ဆိုပါတယ်။
နော်ဖောအယ်ထား
“သူငယ်ချင်းတွေနဲ့ပဲ ရှိမှာပါ။ မုန့် သွားစားဖြစ်မလား။ အိမ်မှာပဲ ရှိမလား မပြောတတ်သေးဘူး။ ဗယ်လင်တိုင်းဒေးဆိုတဲ့ အရသာကို ကောင်းကောင်းရခဲ့တဲ့ အချိန်ကတော့ တက္ကသိုလ် ကျောင်းတက်တုန်းကပေါ့။ ကျောင်းတက်တုန်းကဆိုရင် ပန်းစည်းလေးတွေ ရတယ်။ အရုပ်လေးတွေ၊ ချောကလက်လေးတွေ ရတယ်ပေါ့။ တက္ကသိုလ်ကျောင်းသူဆိုတော့ ဘယ်သူလာပေးလို့ ပေးမှန်း မသိပေါ့နော်။ အဲဒီတုန်းကတော့ပျော်တာပေါ့”
“ဒီလိုနေ့မျိုးမှာ ကိုယ့်ကိုချစ်တဲ့ သူတွေက မေတ္တာနဲ့ပေးတာဆိုတော့ အရမ်းပျော်တယ်။ ကြီးလာတဲ့အခါမှာတော့ အဲဒီလိုမျိုးတွေ မရှိတာ ကြာခဲ့ပါပြီ။ အသက်ကြီးတာနဲ့ ပါမှာပေါ့။ လုပ်ငန်းခွင်ထဲ ရောက်သွားတော့ တက္ကသိုလ်ကျောင်းတက်တုန်းကလိုလည်း မလွတ်လပ်တော့ဘူး။ အပျော်ဘက်ကို မသွားဖြစ်တော့ဘူး။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ အချိန်ကုန်လာကြတော့ ဒီအပျော်ဘက်ကို မရောက်တော့တာပေါ့”လို့ နောဖောအယ်ထားက ပြောပါတယ်။