ဝါရင့်မင်းသားကြီး Harrison Ford ဟာ အမေရိကန်နိုင်ငံ အနေနဲ့ ပဲရစ်ရာသီဥတု သဘောတူညီချက်ကနေ နုတ်ထွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သမ္မတ Donald Trump ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခြိမ်းခြောက်မှုကို ငြင်းဆိုကြတဲ့သူတွေဟာ သမိုင်းရဲ့ လမ်းကြောင်း မှားပေါ်မှာ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အစိုးရ ထိပ်သီးညီလာခံ နောက်ဆုံးနေ့မိန့်ခွန်းပြောကြားစဉ်မှာ မင်းသားကြီး Ford က လူသားတွေဟာ ဒီနေ့ခေတ်ရဲ့ အကြီးမားဆုံး ကိုယ်ကျင့်သိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာကြီးအနေနဲ့ သဘာဝကို ကာကွယ်ဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မင်းသားကြီးက “ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျနော်တို့ အားလုံးဟာ ကျနော်တို့ခေတ်အခါရဲ့ အကြီးမားဆုံး ကိုယ်ကျင့်သိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ရာသီဥတုပြောင်းလဲမှုနဲ့ ဂေဟစနစ်ပျက်စီးမှု အကျိုးဆက်တွေကို ခံစားရမှာဖြစ်ပါတယ်။ ကုန်းမြေနဲ့ ပင်လယ်ဟာ ကျနော်တို့ရဲ့အနာဂတ်မျိုးဆက်အတွက် ချန်ထားခဲ့ရမယ့် အမွေဖြစ်ပါတယ်”
“ကျနော်တို့ဟာ အရမ်း နောက်မကျခင် ကာကွယ်လုပ်ဆောင်ကြရပါမယ်။ သဘာဝက လူသားတွေကို မလိုအပ်ဘဲ လူသားတွေကသာ သဘာဝကို လိုအပ်တဲ့အတွက် သဘာဝကို ကျနော်တို့ ကာကွယ်ကြရပါမယ်” လို့ ဆိုပါတယ်။
Arab News သတင်းရဲ့အဆိုအရ “Star Wars” ရုပ်ရှင်တွေထဲမှာ Han Solo အဖြစ်နဲ့လည်းကောင်း၊ “Indiana Jones” ရုပ်ရှင်တွေမှာ အဓိကဇာတ်ကောင်အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားတဲ့ အသက် ၇၆ နှစ်အရွယ် ဝါရင့်မင်းသားကြီး Ford က သမ္မတ Trump ရဲ့ နာမည်ကို ထုတ်ပြောခဲ့တာမရှိဘဲ ဝေဖန်ခဲ့ပါတယ်။
မင်းသားကြီးက “ကျနော့်ရဲ့ နိုင်ငံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တော်တော်များများဟာ သိပ္ပံပညာကို ငြင်းဆိုတာမျိုး မမျှမတ ဝေဖန်တာမျိုး လုပ်နေပါတယ်။ သူတို့ဟာ သမိုင်းရဲ့ မှားနေတဲ့ ဘက်အခြမ်းမှာ ရှိနေပါတယ်”လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ သမ္မတ Trump က အမေရိကန်နိုင်ငံအနေနဲ့ ပဲရစ်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ကြေညာထားတာဖြစ်ပြီး သဘောတူညီချက်ထဲမှာ ဆက်ရှိနေဦးမယ်ဆိုရင် အမေရိကန်စီးပွားရေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေမယ်လို့ ပြောဆိုထားပါတယ်။
Ref: ptinews