တေးသံရှင် ပိုးအိစံရဲ့ ဂီတသက်တမ်း နှစ် ၂၀ ပြည့်၊ ငွေရတုအကြို အထိမ်းအမှတ်အဖြစ် “ငွေရတု ပိုးအိစံ” သီချင်းခွေ ၇ ခွေ တပြိုင်နက် ထွက်ရှိတဲ့အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊တာမွေမြို့နယ်၊ နတ်ချောင်းလမ်းက ဂီတအစည်းအရုံး(ဗဟို) မှာ ကျင်းပခဲ့ပါတယ်၊
ပိုးအိစံရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းဟောင်းများနဲ့ တေးသီချင်းသစ်များ ပါဝင်တဲ့ အဆိုပါ တေးစီးရီး ခွေ ၇ ခွေထဲမှာ ဒီဗီဒီ ၂ခွေ၊ စီဒီ ၅ ခွေ ပါဝင်ပါတယ်။
”ကျမရဲ့ ငွေရတု အကြိုအနေနဲ့ ဒီခွေလေးတွေကို ထုတ်ဖြစ်တာပါ။ ကျမက တေးသီချင်း သူဌေးတယောက်မို့ ဒီခွေတွေကို ထုတ်တာပါ။ ကျမရဲ့ သီချင်းတွေက အရမ်းလည်း များနေတော့ ဒီလိုမှ မထုတ်ရင် မထုတ်ဖြစ်တော့ဘူးလေ။ ကျမ တနှစ် ၁ ခွေ ထုတ်မယ်ဆိုရင်တောင်မှ ကျမ ထုတ်ချင်သလောက် ထုတ်လိုက်ရမှာ မဟုတ်ဘူးလေ။ နောက် နှစ် ၆၀ ဆိုရင် ကျမ ရှိချင်မှ ရှိတော့မှာ”လို့ တေးသံရှင် ပိုးအိစံက ဧရာဝတီကို ပြောပါတယ်။
အဆိုပါ တေးစီးခွေ ၇ ခွေကတော့ “ပိုးအိစံ မွေးဖွားခြင်း နှစ် ၂၀ ပြည့် Live Show (၂)” နှင့် “(၃)”၊ “နှလုံးသား ပုဂံပြည်” ၊ “စောင်းညှို့သံ နှလုံးသား” ၊ “ငွေသောင်ယံ” ၊”လရောင်ပျိုးတဲ့ ကုမုဒြာ” နဲ့ “လားရှိုးမင်းသားလေး”စတဲ့ သီချင်းခွေများဖြစ်ပြီး အဆိုရှင်များအနေနဲ့ ရန်အောင်၊ သန်းထွန်လေး၊ မောင်မောင်ထိပ်၊ ကိုလတ်၊ ဒေါ်လာ၊ ကိုတီး၊ ဒေါ်လာစံတို့ ပါဝင် သီဆိုထားပါတယ်။
သီချင်း အပုဒ်ရေအနေနဲ့ ၁ ခွေမှာ သီချင်း ၁၀ ပုဒ် ၊ ၈ ပုဒ် အသီးသီး ထည့်သွင်းထားပြီး အဆိုပါ “ငွေရတု ပိုးအိစံ” တေးစီးရီး ၇ ခွေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာပဲ The Sun Music Production ကနေ ဖြန့်ချိလိုက်ပါတယ်။