ဟောင်ကောင်ရုပ်ရှင် ကုမ္ပဏီတခုက “Line Walker – 2” ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့မှာ လာရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကား လာရောက်ရိုက်ကူးနေစဉ် အချိန်အတောအတွင်း ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ လမ်းပိတ်၊ လမ်းလွှဲတွေ ပြုလုပ်မယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဲဒီလို ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် ဝါရင့် သရုပ်ဆောင် ပရဟိတမင်းသားကြီး ဦးကျော်သူက သူ့ရဲ့ Facebook မှာ သူ့အမြင်များ ရေးသားထားပြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒါရိုက်တာ စတီးလ်တို့မှ သူတို့ အမြင်များကို အခုလိုပဲ ပြောပြထားပါတယ်။
ကျော်သူ
“မြန်မာအနုပညာရှင်တွေက မြန်မာပြည်ထဲမှာ ရိုက်တော့ လေယာဉ်ကွင်း၊ တက္ကသိုလ်၊ ဆေးရုံတွေမှာ ရိုက် ချင်ပါတယ်ဆို ဝေးရော။ဘုရားမှာလည်း ဂေါပကကို ကြောက်ရ။ လမ်းမှာဆိုလည်း ယာဉ်ကြောပိတ်မှု နဲ့ ယာဉ်ထိမ်းရဲကို ကြောက်ရ။ ရပ်ကွက်၊ ရွာထဲမှာဆိုလည်း အုပ်ချုပ်ရေးနဲ့ လမ်းမှူးကို ကြောက်ရ။ သုဿန်ဆိုရင်လည်း သုဿန်ပိုင်နဲ့ စည်ပင်ကို ကြောက်ရနဲ့ဗျာ။ ဈေးမှာဆိုရင်လည်း ဈေးခေါင်းနဲ့ စည်ပင်ကို ကြောက်ရ”
“နောက် မြန်မာကားတွေက မပီပြင်ဘူး၊ သဘာဝမကျဘူး အပြောခံရနဲ့ဗျာ။ သူတို့ သူတို့က မြန်မာပြည်ထဲလာရိုက်တော့ လမ်းတွေပိတ်ပစ်၊ ဆိုင်တွေပိတ်ပစ်၊ ကားတွေ တားပစ်နဲ့ ပြည်သူလူထုကို ဒီလို သတိပေးချက်၊ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး သူတို့ သူတို့နဲ့ ပူးပေါင်းပေးကြတယ်ဗျ။ အော်စေတနာတွေ စေတနာတွေ။ သာဓု သာဓု ပါဗျာ။ နောင်ဘဝ လူသာပြန်ဖြစ်ရင် ဟောလီဝှစ်၊ ဘောလီဝှစ်မှာ အနုပညာသည် သာ ဖြစ်ပါရစေတော့ဗျာ”လို့ ဦးကျော်သူက သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။
ဦးဇင်ဝိုင်း (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ)
“ကျနော်တို့ကတော့ ဘာမှပြောစရာ မလိုပါဘူး။ ကိုယ့်နိုင်ငံရဲ့ အလှတရားတွေကို လာရောက် ရိုက်ကူးချင်တာကြောင့် အခုလို လာရောက်ရိုက်ကူးကြတာ ဖြစ်ပါလိမ့်မယ်။ ဝေဖန်နေကြတာတွေကိုလည်း ဘာမှမပြောချင်ပါဘူး။ တဖက်ကလည်း ခွင့်ပြုသင့်လို့ ခွင့်ပြုတယ်လို့ပဲ ထင်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)
“တခြားနိုင်ငံတွေမှာတော့ အဲ့လိုမျိုးတွေ တွေ့တာပေါ့နော်။ ကျနော် အိန္ဒိယမှာ သိခဲ့တဲ့ အကြောင်းအရာပေါ့။ အဲ့မှာ ရိုက်ရင် စာတင်ရတယ်။ ဘယ်လမ်းကနေ ဘယ်လမ်း ဆိုတာကိုပေါ့။ တပတ် ကြိုကြေညာပြီး စီစဉ်ပေးထားတယ်။ တခြားနိုင်ငံတွေမှာလည်း အဲ့လိုမျိုးတွေပဲပေါ့။ မြန်မာနိုင်ငံမှာတော့ ပထမဦးဆုံးကြုံဖူးတာပေါ့နော်။ တခုပဲ ကိုယ့်ခံစားချက်လေးပေါ့”
“မြန်မာနိုင်ငံက တက္ကသိုလ်၊ ဆေးရုံတွေမှာ ရိုက်ချင်ပါတယ်ဆိုရင် မရတာတို့ ရှိတယ်။ အခုလို လမ်းတွေ ပိတ်ပြီး ရိုက်ကူးရေး လုပ်ခွင့်ပေးတာ ရုပ်ရှင်လုပ်ငန်းတိုးတက်ဖို့ မြင်တယ်။ ပြည်သူလူထုတွေ အတွက်တော့ ကစဉ့်ကလျား ဖြစ်နိုင်တယ်။ ဆူးလေဆိုတဲ့ နေရာက ကျနော်တို့ မိန်းနေရာလေ။ အခက်အခဲတွေ ဘယ်လိုဖြစ်မလဲတော့ စဉ်းစားဖြစ်တယ်”
“သူတို့ ပေါ်လစီဘယ်လိုရှိလဲ ကျနော်တို့ မသိဘူး။ နိုင်ငံခြားကုမ္ပဏီကလည်း ဘယ်လို ခံဝန်ချက်တွေ ဘယ်လို ကတိတွေနဲ့ လုပ်ရလဲ ကျနော်တို့ မသိဘူး။ အဲဒါမျိုး ကျနော်တို့ ပြည်တွင်းက ရုပ်ရှင်သမားတွေကို ချပြရင်တော့ ကျနော်တို့လည်း လိုက်နာပြီး လုပ်နိုင်တာပေါ့။ ကျနော်တို့လည်း အဲ့လို အခွင့်အရေးလေးရချင်တာပေါ့။ ပြည်တွင်းက မြန်မာရုပ်ရှင်ကြီးတိုးတက်ဖို့ အတွက် မျှဝေပြီးစဉ်းစားပေးဖို့ပဲ ကျနော်က မျှော်လင့်ပါတယ်”လို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။