ဗိုလ်ချုပ်ရုပ်ရှင် ထွက်ပေါ်လာရေးအတွက် ဖန်တီးနေတဲ့သူများထဲမှ ဇာတ်ညွှန်း ရေးသားသူတဦးဖြစ်တဲ့ ဘုဏ်းသိုက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း လူတွေ မှန်မှန်ကန်ကန်သိရဖို့နဲ့ အနုပညာဖန်တီးဖို့ အတွက် ကြိုးစားနေတယ်လို့ ပြောပါတယ်။
“စာတွေသေချာ ဖတ်ကြည့်တဲ့အချိန်မှာ ဗိုလ်ချုပ်က ကျေးဇူးရှိမှန်းတော့ သိတယ်။ ဘယ်လောက်လောက်ထိ ကျနော်တို့အပေါ် ကောင်းခဲ့လဲဆိုတာကို လူငယ်တွေက စာအုပ်တွေကနေ သိရတယ်။ တချို့စာအုပ်တွေကျတော့လည်း သမိုင်းရဲ့ အမှန် မဟုတ်ပြန်ဘူး။ အရမ်းကြီးစိတ်ဝင်စားတဲ့ ကာရိုက်တာ မဟုတ်ဘူးပေါ့။ သေချာဖတ်ရင်းနဲ့မှ မလွယ်ဘူး။ ကြောက်စရာကြီး။ သူလုပ်သွားတာတွေက ကြောက်စရာကြီး။ သူ့အကြောင်းကို လူတွေမှန်မှန်ကန်ကန် သိစေချင်တဲ့ စိတ်နဲ့ အနုပညာကို ဖန်တီးချင်တဲ့ စိတ်ကလွဲပြီး ဘာမှမရှိဘူး” လို့ ဘုဏ်းသိုက်က ပြောပါတယ်။
အဆိုပါ ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်နေကြတာဖြစ်တဲ့အတွက် ဘုဏ်းသိုက်အနေနဲ့ ဘယ်လိုစိန်ခေါ်မှုဖြစ်လဲ ဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“စိန်ခေါ်မှုကတော့ ကိုယ့်အပေါ် မူတည်တာပေါ့နော်။ ကိုယ့်က အဲဒီဟာတခုကို ဘယ်လောက်ထိ တာဝန်ယူလဲဆိုတဲ့ဟာ တခုပေါ်မှာ မူတည်တာပေါ့နော်။ အခု ကျနော် မတွေးတာ ဘာတွေ ပြောလာနိုင်ချေရှိလဲ ဆိုတာကို လုံးဝ မတွေးတာ။ ဒီဟာကို စရေးမယ်ဆိုတဲ့ အချိန်မှာ ဗိုလ်ချုပ်ရုပ်ရှင်က ကျနော်နဲ့လည်း အလှမ်းဝေးပါတယ်။ ဘယ်လိုမှ မနီးစပ်တဲ့ အရာပေါ့နော်။ ဒါပေမယ့်လည်း ထဲထဲဝင်ဝင် ကျနော့်ဆီ ရောက်လာတယ်။ ဝင်ပြီးကူညီရမယ် ဆိုတဲ့အချိန်မှာ လုပ်မယ်၊ မလုပ်ဘူးဘဲ ဆုံးဖြတ်တယ်” လို့ ဘုဏ်းသိုက်က ပြောပါတယ်။
အခုအချိန်မှာတော့ ဇာတ်ညွှန်း ရေးသားမှုအပိုင်းမှာ Scene စီတဲ့ အပိုင်းကို အချောသတ်ပြီးသွားပြီ ဖြစ်ပြီး လက်ရှိမှာလည်း ရိုက်ကူးမှုအတွက် အကြိုပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
“ကျနော်တို့တွေ ငယ်ငယ်ကတည်းက ကြားခဲ့ရတဲ့ Plot တွေအများကြီး ရှိတဲ့အတွက် သိတဲ့ ပရိသတ်ကတော့ သူတို့သိတဲ့ Plot တွေ ပါမှာလားဆိုပြီး မျှော်လင့်မှာပဲ။ ကြည်ရေ… ပဲပြုတ်နဲ့ နံပြားစားချင်တယ် ဆိုတဲ့ Plot ဆိုရင် ဗိုလ်ချုပ်နဲ့ တွဲပြီး မြင်တဲ့အရာပေါ့။ ဒီ Plot ကိုမြင်လိုက်ရလို့ ဗိုလ်ချုပ်ရဲ့တိုင်းပြည်ပေါ်မှာ လောဘနည်းနည်းနဲ့ ခြိုးခြံပြီးနေတယ်ဆိုတဲ့ တခုပဲ ရှိတယ်”
“တကယ်တမ်း ဒီထက်ကောင်းတာတွေ အများကြီးပဲ။ ကောင်းတာတွေနောက် လိုက်တဲ့အခါမှာ အများသိတဲ့ ပေါ့ပေါ့ပါးပါးဟာမျိုးလေးတွေ ပါချင်မှပါမယ်။ ဒါပေမယ့် တကယ့် ဗိုလ်ချုပ်ကို ထိတွေ့ဖို့ပဲ ကြိုးစားတယ်။ လူတွေသိတဲ့ ဟာတွေကို ထိတွေ့ဖို့ထက် စာရင် တကယ့်ဗိုလ်ချုပ်စစ်စစ်နဲ့ တွေ့ဖို့ကြိုးစားထားတယ်” လို့ ဘုဏ်းသိုက်က ပြောပါတယ်။
ဘုဏ်းသိုက်ကတော့ ဗိုလ်ချုပ်ရုပ်ရှင်အတွက် နေ့မအား၊ ညမအား ပြင်ဆင်နေပြီး မျှော်လင့်နေတဲ့သူများအတွက် ဗိုလ်ချုပ်အောင်ဆန်းကို မြင်ရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“မျှော်လင့်နေတဲ့ ပရိသတ်အတွက် ဒီလို ၃၂နှစ်သား လူငယ်လေးက ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး စစ်ဗိုလ် တယောက်အနေနဲ့ ကမ္ဘာအထိ ခေါင်းထဲကို ရောက်သွားစေတဲ့ လူငယ်လေးအကြောင်းကို သိရဖို့အတွက် နေ့မအား ညမအား ကြိုးစားနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို မြင်ရဖို့အတွက် ကြိုးစားနေပါတယ်” လို့ ဘုဏ်းသိုက်က ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီး အဘက်ဘက်မှ ပြင်ဆင်မှများစွာ ပြုလုပ်လျက်ရှိပြီး လက်ရှိမှာတော့ လိုအပ်နေတဲ့ ဇာတ်ကောင်များအတွက် သရုပ်ဆောင်များကိုလည်း ထပ်မံခေါ်ယူလျက်ရှိပါတယ်။