မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးလျက်ရှိတဲ့ “Line Walker 2” ရုပ်ရှင် ရိုက်ကူးရေးအတွက် ရန်ကုန်မြို့လယ်ခေါင်မှာ တချို့သော လမ်းများကို လမ်းပိတ်/ လမ်းလွှဲများပြုလုပ်ထားတဲ့အပေါ် ကားလမ်းတွေ ပိတ်ကုန်တယ်ဆိုတဲ့ ပြောစကားများနဲ့ ပတ်သက်ပြီး အကယ်ဒမီ ဆွေဇင်ထိုက်က လမ်းပိတ်ခြင်း မဟုတ်ဘဲ လမ်းလွှဲတယ်လို့သာ ယူဆတယ်လို့ ပြောပါတယ်။
“လမ်းပိတ်တဲ့ အကြောင်းကို မပြောပါနဲ့။ လမ်းလွှဲတယ်လို့ပဲ ယူဆပါတယ်။ လူတွေက ကိုယ်မြင်ချင်တာကိုပဲကြည့်ပြီးတော့ ကိုယ်ကြားချင်တာပဲ ပြောချင်ကြတာ ခက်တာပဲ။ ဒီမေးခွန်းတွေ မေးတာကို မကြိုက်ဘူး။ ဒီလိုရိုက်တာ မမြင်ဖူးကြဘူးလေ။ ဒီမှာလည်းပဲ ဒီလိုဒေါ်လာသန်းနဲ့ ချီပြီးတော့ ရင်းတဲ့ ရုပ်ရှင်မျိုးကို ရိုက်ဖူးတဲ့ အလေ့အထ မရှိဘူးလေ။ အဲဒါကြောင့် စိတ်ဝင်စားကြတာဖြစ်ပါတယ်။ ကမ္ဘာကြည့် ကြည့်တာနဲ့ မြန်မာအသိသိတာနဲ့ ကြားထဲမှာ ကွက်လပ်ကြီးက အကြီးကြီးဖြစ်နေတာပေါ့” လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။
ဟောင်ကောင်မှ လာရောက်ရိုက်ကူးတဲ့ အဆိုပါ “Line Walker 2″ ရိုက်ကွင်းအတွက် ဖေဖော်ဝါရီလ ၁၇ရက်နေ့ အစမ်းလေ့ကျင့်တဲ့ရက်မှ စတင်ကာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထိ ရန်ကုန်မြို့လယ်ရှိ တချို့သောနေရာများကို ဖြတ်သန်းဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။
ဇာတ်ကားရိုက်ကူးမှုများအတွက် ကုန်ကျစရိတ်များစွာ ကျခံထားပြီး မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းများကတော့ ရုပ်ရှင်ဇာတ်ကားမှာ မိနစ်ပိုင်းခန့်သာ ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။
“High ဘတ်ဂျက်မှာတော့ ဒီတိုင်းပဲ ရိုက်တယ်။ တချို့ဆို ၁ ကတ်လေး၊ ၂ ကတ်လေး နေနဲ လူနဲ့ ထိအောင်ရိုက်ဖို့အတွက် အကြာကြီးစောင့်ပြီးတော့ ရိုက်ရတယ်။ ဒါကတော့ ဒါရိုက်တာရဲ့ရွေးချယ်မှု ရှိပါတယ်။ ဒါရိုက်တာကို ယုံကြည်မှုထားတယ်။ ဒါရိုက်တာကလည်း အနုပညာအပေါ်မှာ ယုံကြည်မှုထားတာကြောင့် ပိုက်ဆံကုန်တာတွေက သူ့အလုပ် မဟုတ်ဘူးလေ။ ထည့်စဉ်းစားစရာ မလိုဘူး။ မြန်မာပြည်က ဒါရိုက်တာတွေက ပိုက်ဆံကုန်မှာကို ထည့်စဉ်းစားနေကြတဲ့အခါကျတော့ လုပ်ရကိုင်ရတာ အကန့်အသတ်တွေ ရှိတာပေါ့” လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းများအတွက် မြန်မာပြည်မှ သရုပ်ဆောင် ၈ ဦးခန့်ကို ခေါ်ယူမှာဖြစ်ပြီး သရုပ်ဆောင်ခေါ်ယူတဲ့ အကြောင်းအရာများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ကျမတို့တွေ လျှောက်တဲ့သူတွေအားလုံးကို စိစစ်ဖို့အတွက် အေဂျင်စီတခုကို လက်မှတ်ထိုးပါတယ်။ တယောက်ကပဲ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လက်မှတ်ထိုးရတာဖြစ်ပါတယ်။ အဲဒီ လက်မှတ်ထိုးထားတဲ့သူက Actor ကို မနက် ၆ နာရီ၊ ည ၆ နာရီ Scene ပေါ်ရောက်လာဖို့အတွက် တာဝန်ယူရတာ ဖြစ်ပါတယ်။ တနာရီကို ဒေါ်လာ ၃၀ ပေးထားတဲ့ Actor လည်း ခေါ်ထားတဲ့အချိန် အပြည့်ရအောင် လာရမှာပါ။ တနေ့ကို ၂၀၀ ၊ ၄၀၀ ပေးထားတဲ့ သရုပ်ဆောင်ဟာလည်း ခေါ်တဲ့အချိန်အတိုင်း ရောက်အောင် လာရမှာ ဖြစ်ပါတယ်” လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။
တချို့သော မြန်မာသရုပ်ဆောင်တချို့လည်း သရုပ်ဆောင်ရွေးချယ်မှုအတွက် လာရောက်ကြပြီး သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ မကိုက်ညီတဲ့အခါမှာ ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီဇာတ်ကားကလည်း ပထမ တထုပ်က ရိုက်ပြီးသားဆိုတော့ အဓိကဇာတ်ကောင်နေရာကိုတော့ ကျမတို့ နိုင်ငံက မရနိုင်ပါဘူး။ ဒါပေမယ့် မြန်မာဘက်က အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေအနေနဲ့ ၈ ယောက်ကို ငှားဖို့အတွက် ရှိပါတယ်။ အဲဒါအတွက် အင်တာဗျူ းအများကြီး လုပ်ကြပါတယ်။ Audition လာကြပါတယ်။ တချို့ကတော့ ကျနော်က နာမည်ကြီးပဲ၊ ဘာလို့ Audition လာရမှာလဲ ဆိုတဲ့လူလည်းရှိပါတယ်”
“Audition တော့ လာပါတယ်။ သတ်မှတ်ထားတဲ့ အရပ်က ၅ ပေ ၈ လက်မ ရှိရမယ်။ ဝိတ်က ဘယ်လောက် ရှိရမယ်။ ရင်အုပ်ကကျယ်ကျယ် ယောကျာ်း ပီပီသသဆိုတဲ့ ဂိုက်တံကြီးနဲ့ တိုင်းလိုက်တဲ့အခါမှာ ပြုတ်ကျခဲ့တဲ့သူတွေလည်း ရှိပါတယ်။ ကာရိုက်တာအရ ရွေးရတာ ဖြစ်ပါတယ်” လို့ အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံမှ သရုပ်ဆောင်များအနေနဲ့ အောင်မြင့်မြတ်၊ လင်းအောင်ခေတ်၊ အောင်မိုး၊ Hugo တို့ ပါဝင်ထားပြီး တခြားသူများလည်း ထပ်မံပါဝင်သွားမယ်လို့ သိရပါတယ်။
“Line Walker 2” ဇာတ်ကားကိုတော့ တရုတ်နိုင်ငံ ဟောင်ကောင်မြို့ရှိ Shaw Brother Picture ကုမ္ပဏီက ထုတ်လုပ် ရိုက်ကူးတာဖြစ်ပြီး မြန်မာနိုင်ငံမှာ အစိုးရခွင့်ပြုချက်နဲ့ ပထမဆုံး ရိုက်ကူးခွင့်ရတဲ့ ကားလည်းဖြစ်ပါတယ်။