မကြာခင်မှာ သမီးလေးတယောက်ကို ပိုင်ဆိုင်ရတော့မယ့် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ကလေးမွေးပြီးတဲ့အခါမှာ သူမရဲ့ တကိုယ်တော်အခွေကို မွေးလာမယ့် သမီးလေးရဲ့ နာမည်ပေးမယ်လို့ ပြောပါတယ်။
“သီချင်းအသစ်လေးတွေ စုဖြစ်တယ်။ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ အပ်ဖြစ်တယ်။ ဆိုလည်း ဆိုဖြစ်တယ်။ ဒီကြားထဲမှာ ကိုယ်ဝန်နဲ့ဆိုတော့ အရမ်းကြီး မလှုပ်ရှားချင်သေးတော့ စုထားတာလောက်ပဲ ရှိသေးတယ်။ ကလေးမွေးပြီးတဲ့ အခါကျရင် အခွေ ထွက်မယ်။ အခွေနာမည်ကိုလည်း သမီးလေးနာမည်ပေးဖို့ စဉ်းစားထားတယ်” လို့ အဆိုတော် စန္ဒီမြင့်လွင်က ပြောပါတယ်။
ကိုယ်ဝန်က လနုသေးပေမယ့် တခြားသော သွေးစစ်ခြင်းများ ပြုလုပ်ရင်းနဲ့ အက်ထရာဆောင်း ရိုက်ခဲ့ရာ သမီး မိန်းကလေးမှန်း သိရှိခဲ့ရတာဖြစ်ပြီး စသိခါစမှာတော့ ဝမ်းသာလွန်းလို့ ငိုခဲ့ရတယ်လို့ ဆိုပါတယ်။
“အမေတယောက် ဖြစ်တော့မယ်ဆိုတော့ လှိုက်ခနဲ ဖြစ်တာပေါ့။ မိခင်တယောက်ဖြစ်မှ ခံစားဖူးတဲ့ ခံစားချက်ပေါ့နော်။ မပြောပြတတ်ဘူး။ အယ်ထရာဆောင်း ရိုက်တဲ့အချိန်မှာ သူ့ပုံလေးတွေ ကြည့်ရတော့ အရမ်းကိုပီတိဖြစ်ပြီး အရမ်းမြင်ချင်နေပြီပေါ့။ ဒီချိန်က စိတ်ခံစားချက်တွေဖြစ်နေတဲ့ အချိန်ဆိုတော့ အမေနေမကောင်းရင်တောင် အမေတော့ ခံစားနေရမယ် ဆိုပြီး တယောက်တည်း ငိုရင်ငိုနေတာမျိုးတို့ အရမ်းဖြစ်တယ်။ အမေ့ကို ကိုယ်ချင်းစာပြီးတော့ အမေ့ကို စိတ်ချမ်းသာစေချင်တဲ့စိတ်တွေ အများကြီးဖြစ်တယ်” လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
အမျိုးသားဖြစ်သူကလည်း ဂရုတစိုက်နဲ့ ကြင်နာတာကြောင့် ကိုယ်ဝန်ရခါစ စိတ်ခံစားချက်တွေ အများကြီး ဖြစ်နေတဲ့အချိန်မှာပင် စိတ်ချမ်းသာရပြီး မိခင်ဖြစ်သူကိုလည်း ကိုယ်ချင်းစာမိသွားတယ်လို့ ဆိုပါတယ်။
“ယောကျ်ားကတော့ ဂရုစိုက်ပါတယ်။ တော်တော် ဂရုစိုက်တယ်။ သူဂရုစိုက် ကြင်နာလို့လည်း ဒီလောက်ထိ စိတ်ချမ်းသာတာပေါ့နော်။ ဗိုက်စကြီးခါစကဆိုရင် ကိုယ်ကအရမ်းကို လွတ်လွတ်လပ်လပ်နဲ့ စိတ်သွားတိုင်း ကိုယ်ပါတဲ့ပုံစံနဲ့ နေလာတဲ့သူဆိုတော့ မွေးပြီးရင် ငါတော့ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေရတော့မှာလားဆိုပြီး ဆိုက်ကိုတွေတော့ ဖြစ်တယ်။ နောက်ပိုင်းတော့ အဲဒီလို မဖြစ်တော့ပါဘူး”လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
အခုအချိန်မှာတော့ ဆရာဝန်နဲ့တိုင်ပင်ကာ အရာရာကို ဆင်ခြင် သတိနဲ့ နေနေပြီး သီချင်းတွေလည်း သိပ်မဆိုဖြစ်ဘဲ ကလေးမွေးပြီးတဲ့အချိန်မှာ ဆိုဖို့အတွက် သီချင်းတွေ စုဖြစ်နေတယ်လို့ သိရပါတယ်။ သမီးလေး မွေးပြီးတဲ့အခါမှာလည်း သူမရဲ့ကိုယ်အလေးချိန်ကို လျော့ချပြီး သမီးလေးနဲ့ အတူ ရက်ပ်ပါပုံစံ ဆင်တူဝတ်ကာ ဓာတ်ပုံရိုက်ဖို့အတွက် စိတ်ကူးယဉ်ထားတယ်လို့ ဆိုပါတယ်။
“တခြားတော့ ဘာမှ မစဉ်းစားရသေးဘူး။ သူလည်း ၂ နှစ် ၃နှစ်လောက်၊ ကိုယ်လည်း ဝိတ်တွေ ကျသွားတဲ့အချိန် ကျရင်တော့ ရက်ပ်ပါလိုမျိုး ဦးထုပ်တွေနဲ့ ဆွဲကြိုးတွေနဲ့ ဒီးဒီ ငယ်ငယ်တုန်းက ပုံစံမျိုးကို အမှတ်တရအနေနဲ့ ရိုက်ဖို့အတွက် စဉ်းစားထားတယ်” လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။
စန္ဒီမြင့်လွင်ကတော့ ပြီးခဲ့တဲ့နှစ်က ချစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ သမီးဖြစ်သူရဲ့ ကိုယ်ဝန်ကို လွယ်ထားတာ ၄ လကျော် ရှိပြီလို့ သိရပါတယ်။