ကိုရီးယား အဆိုတော်၊ ရိန်းဟာ သူ့ရဲ့ မိသားစုအကြောင်းကို တစွန်းတစ ထုတ်ပြောလာပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အဆိုတော်-သရုပ်ဆောင် ရိန်းဟာ သူ့ရဲ့ နောက်ဆုံးရုပ်ရှင် “Uhm Bok Dong” နဲ့ ပတ်သက်တဲ့ အင်တာဗျူးတခုကို ပြုလုပ်ခဲ့ပါတယ်။ ရိန်းဟာ မင်းသမီး Kim Tae Hee နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာပဲ သမီးတဦး ထွန်းကားခဲ့ပြီး ဖြစ်ပါတယ်။
သရုပ်ဆောင်ဖို့ ရုပ်ရှင်ဇာတ်လမ်း ရွေးချယ်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ပြောင်းလဲသွားပါသလားဆိုတဲ့ မေးခွန်းကိုတော့ သူက “ကျနော့်အတွက် ဘာဆိုဘာမှ မပြောင်းလဲသွားပါဘူး။ ကျနော်က မိသားစုဘဝကို စတင်ခဲ့ပြီး ဖခင်တယောက် ဖြစ်လာပါပြီဖြစ်လို့ ဘာမှပြောင်းလဲမသွားပါဘူး။ ဒါပေမယ့် ကျနော့်မှာ ပထမဆုံး စည်းမျဉ်း စည်းကမ်းတခု ရှိလာပါပြီ” လို့ ဆိုပါတယ်။
သူက “ဥပမာပြောရမယ်ဆိုရင် ကျနော်က အရင်တုန်းက တခုခုဆိုရင် အကောင်းမြင် ပြောနိုင်တယ်။ ဥပမာ ကျနော့် ကလေးက ဒီလိုလေးပါ၊ ကျနော်တို့ မိသားစုက ဒီလိုလုပ်ပါတယ်။ ဟိုလို လုပ်ပါတယ်။ စသဖြင့်ပေါ့။ ဒါပေမယ့် အခုတလောမှာ ကမ္ဘာကြီးဟာ ကြောက်ဖို့ကောင်းတဲ့နေရာတခုဖြစ်လာပါတယ်။ ကျနော့်ရဲ့ ကလေးကို မြတ်နိုးပါတယ်။ ဒါကြောင့် ကျနော်က ပရိသတ်တွေအားလုံးကို သမီးလေးနဲ့ ပြချင်ပါတယ်။ ဒါပေမယ့် အဲဒါကဖြစ်လာနိုင်မှာ မဟုတ်ပါဘူး”
“ပြီးတော့ ကျနော်က မိသားစုနဲ့ အလုပ်ကို သီးသန့်ခွဲထားချင်ပါတယ်။ ကျနော့်မိသားစု ထိခိုက်မှာမျိုး တကယ်မဖြစ်စေချင်ပါဘူး။ ကျနော် ရွေးချယ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေအပေါ် သူတို့က ရိုက်ခတ်မှု မရှိပါဘူး။ ဒါပေမယ့် ကျနော့် မိသားစုအကြောင်းပြောတဲ့အခါ ကျနော်အမြဲတမ်း သတိထားရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အခုလိုမျိုး မိသားစုရေးရာကိစ္စကို ထပ်မံအပြင်ထုတ် မပြောချင်တဲ့အကြောင်း၊ သူကိုယ်တိုင်က နာမည်ကျော် တယောက်ဖြစ်တဲ့အတွက် လူတွေက ကျနော့်အကြောင်း ဘာပဲပြောပြော ကိစ္စမရှိပါဘူး။ ဒါပေမယ့် လူတွေက ကျနော့် မိသားစုအကြောင်းပြောတဲ့အခါမှာ စည်းကျော်တယ်လို့ ခံစားမိပြီး အဲဒါက တရားမျှတမှုလည်း မဟုတ်တော့ပါဘူး” လို့ပြောဆိုခဲ့ပါတယ်။
“Uhm Bok Dong” ရုပ်ရှင်ဟာ Uhm Bok Dong လို့ ခေါ်တဲ့ ကိုရီးယားစက်ဘီးစီးအားကစားသမားတဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေတည်ထားပါတယ်။ ဂျပန် ကိုလိုနီခေတ်အတွင်းက စက်ဘီးစီးပြိုင်ပွဲတခုအတွင်းမှာ ဂျပန်အားကစား သမားတွေကို ကျော်တက်ပြီး ပထမနေရာကို ရရှိခဲ့သူဖြစ်ပါတယ်။
Ref : soompi