လူငယ်ဆန်တဲ့သီချင်းများစွာကို ဖန်တီးသီဆိုလေ့ရှိတဲ့ အဆိုတော်အားတီ ကတော့ မကြာသေးမီက အွန်လိုင်းမှ တဆင့်တင်ပေးခဲ့တဲ့ တေးရေးဆရာဝေကြီး ဖန်တီးထားသော “လမ်းခွဲစကား” သီချင်းဟာ တပတ်အတွင်းမှာ နံပါတ် ၁ နေရာရရှိခဲ့တယ်လို့ ပြောပါတယ်။
“လမ်းခွဲစကားသီချင်းက ကိုဝေကြီးဆီကနေ ဝယ်ထားတာ တနှစ်လောက်ရှိပြီ။ ကြားထဲမှာ Music Video ၁၄ပုဒ်ရိုက် နေတော့ အဲဒါတွေနဲ့အလုပ်ရှုပ်နေတာ။ ပြီးသွားတော့မှ စိတ်အေးသွားတော့ ဒီသီချင်းလေး ထုတ်ဖြစ်ခဲ့တာပေါ့။ အစကတည်းက ဒီသီချင်းကို ပေါက်မယ်လို့လည်း မထင်ခဲ့ဘူး။ တကယ်တမ်း ဒီသီချင်းလေးသွင်းတဲ့နေ့က Live လွှင့်လိုက်တဲ့အချိန်မှာ ညီမလေးတယောက်က Copy ယူပြီးShare လိုက်တယ်”
“လူတွေအများကြီးတွေ့သွားတယ်။ အဲဒီမှာတင် View တွေအများကြီးဖြစ်သွားတယ်။ ဝမ်းသာစရာပေါ့နော်။ JOOX မှာတင်တော့လည်း ပထမတပတ်မှာတင် နံပါတ် ၁ပေါ့။ အရမ်းဝမ်းသာပါတယ်” လို့ အဆိုတော် အားတီ ကပြောပါတယ်။
AR-T ကတော့ လွန်ခဲ့တဲ့ လပိုင်းက Moving Colour ဆိုတဲ့ Music Video ၁၄ပုဒ်ပါတဲ့ အခွေကိုထွက်ရှိထားပြီး အဲဒီအခွေနဲ့ရှုပ်နေတာကြောင့် လမ်းခွဲစကား သီချင်းကိုဝယ်ယူထားပေမယ့် မဆိုဖြစ်သေးဘဲကြာသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဒီသီချင်းထုတ်ဖို့အတွက် တနှစ်လောက်ကြာနေတာကတော့ ကျနော့်မှာထုတ်စရာအများကြီးဖြစ်နေတာ။ လွင်ပြင်ဆိုရင် ၃နှစ်ကြာမှထုတ်ခဲ့တယ်။ ပရိသတ်အားပေးမှုအများကြီးရတယ်။ ကျနော့်မှာ ထွက်စရာသီချင်း တွေကအများကြီးဖြစ်နေတာ။ ရိုက်ပြီးရင်လည်း ပိုက်ဆံကပြန်မရဘူးဆိုတော့ အဓိကက အနုပညာအမြတ်ပဲ ကျန်ခဲ့တာဆိုတော့ အဲဒါနဲ့ပဲ ဆက်လက်ရှင်သန်နေတာပါ။ ကိုဝေကြီးကတော့ မထွက်သေးဘူးလားနဲ့ပြောတော့ သူ့ရှေ့မှာတော့ မဆိုရဲဘူး” လို့ အဆိုတော်အားတီ ကပြောပါတယ်။
သီချင်းတပုဒ်ပေါက်ပြီးရင်တော့ နောက်ပိုင်းမှာ Music Video ဆန်းဆန်းပြားပြားများကိုလည်း ရိုက်လေ့ရှိတာကြောင့် “လမ်းခွဲစကား” သီချင်းကို ဘယ်လိုပုံစံမျိုးနဲ့ဖန်တီးသွားမလဲဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။
“လမ်းခွဲစကား Music Video အတွက် ဒါရိုက်တာနဲ့စကားပြောနေတယ်။ Audio မှာတော်တော်ရောက်သွားတယ် ဆိုတော့ Music Video ကိုလည်းပေါက်စေချင်သေးတယ်။ အမြန်ကြီးလည်း မရိုက်လိုက်ချင်ဘူး။ စိတ်ထဲတော်တော် စဉ်းစားပြီးတော့ ရိုက်ရမယ့်ဟာဖြစ်နေတယ်”
“နောက်ပြီးတော့ သီချင်းထဲမှာက ဇာတ်လမ်းတခုဖြစ်နေပြီ။ သီချင်းကို ပျက်မှာလည်း စိုးရိမ်တော့ ဒါရိုက်တာနဲ့ အများကြီးတိုင်ပင်ပြီး လုပ်ဖြစ်မယ်။ သီချင်းကို အရမ်းကြီး Surprise လုပ်လို့မရဘူး။ သီချင်းထဲမှာက ဇာတ်လမ်းတခုဖြစ်နေတော့ အများကြီးပြလို့မရဘူး။ ကျနော်တို့ဘယ်လို Presentation ပြမလဲဆိုတာကို စောင့်ကြည့်စေချင်ပါတယ်” လို့ အားတီကပြောပါတယ်။
Music Video ရိုက်ဖို့အတွက် ဒါရိုက်တာကိုတော့ မပြောသေးဘဲ အကောင်းဆုံးဖန်တီးပြီး သီချင်းရဲ့ အရသာမပျက်သွားအောင်ရိုက်ဖို့လည်း တိုင်ပင်ထားတယ်လို့ သိရပါတယ်။