အခုနှစ်နှောင်းပိုင်းလောက်မှာ Netflix ကနေ ဖြန့်ချိပြမယ်လို့ မျှော်လင့်ရတဲ့ “Kingdom” စီးရီးရဲ့ ဒုတိယမြောက် Season အတွက် ရုပ်ငြိမ်ဓာတ်ပုံတွေကို မတ်လ ၄ ရက်နေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။
ဓာတ်ပုံတွေထဲမှာတော့ မနက်မိုးသောက် အလင်းရောက်လာခဲ့ပေမယ့်လည်း အိပ်ပျော်မသွားတဲ့ ဇွန်ဘီတွေရဲ့ ပုံတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး နောက်ထပ်ပုံတခု မှာတော့ အဲဒီ့ဒရာမာထဲက ဟီးရိုး အိမ်ရှေ့စံ Lee Chang (မင်းသား Ju Ji-hoon) က အမှောင်ထဲမှာ ဓားကို ဆွဲထုတ်နေပုံတွေကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင်ပြသခဲ့ပြီးတဲ့နောက် အဲဒီ့စီးရီးဟာ တောင်ကိုရီးယားမှာရော အခြားအာရှနိုင်ငံတွေ မှာရော ပရိသတ်တွေက အထူးနှစ်ခြိုက်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။
ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်း တွေထဲမှာဆိုရင် အဲဒီ့စီးရီးဟာ Netflix ကနေ ပြသတဲ့ ပထမဆုံးမူရင်းကိုရီးယာ ဒရာမာစီးရီး နဲ့ ၁၃၉၂ ခုနှစ်ကနေ ၁၉၁၀ ခုနှစ်အထိ ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ ရှားရှားပါးပါး ဇွန်ဘီသည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်တာတွေ ပါဝင်ပါတယ်။
အဲဒီ့စီးရီးကို သည်းထိတ်ရင်ရုပ်ရှင်တခုဖြစ်တဲ့ “Tunnel” ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Seong-hu က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ်ထောက်လှမ်းရေး ဒရာမာ “Signal” ရဲ့ ဇာတ်ညွှန်းဆရာမ Kim Eun-hee က ဇာတ်ညွှန်းရေးသားပေးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းတွဲထဲမှာတော့ မင်းသား Ju Ji-hoon နဲ့အတူ မင်းသမီး Bae Doo-na နဲ့ မင်းသားကြီး Yu Seung-ryong တို့က ပါဝင်ထားကြပါတယ်။ ဒုတိယမြောက် Season အတွက် ရိုက်ကူးရေးကို ပြီးခဲ့တဲ့ လတုန်းက စတင်ခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။
Ref:Yonhap