Netflix ရုပ်ရှင်များကို အော်စကာဆုမပေးရန် အကြံပြုမည့် Steven Spielberg ၏အစီအစဉ် ဝေဖန်ခံရ
Netflix လိုမျိုး Streaming Service (အွန်လိုင်းပေါ်တွင် အခကြေးငွေဖြင့် ရုပ်ရှင်၊ စီးရီးများ ကြည့်ရှုနိုင်သော ဝန်ဆောင်မှု) အတွက် ဖန်တီးထုတ်လုပ်ထားတဲ့ ရုပ်ရှင်တွေကို အော်စကာဆု ယှဉ်ပြိုင်မှုမှာ ထည့်သွင်းတာကို တားမြစ်ပေးဖို့ အကယ်ဒမီဆုပေးရေးအဖွဲ့ထံ အဆိုပြုမယ်လို့ နာမည်ကျော်ဒါရိုက်တာကြီး Steven Spielberg က ပြောကြားခဲ့ပြီးနောက် အဲဒီ့အစီအစဉ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပါတယ်။
တကယ့်နာမည်ကျော် ဒါရိုက်တာကြီး Spielberg က သမားရိုးကျ ရုပ်ရှင်ရုံတွေမှာ ပြသတဲ့ ရုပ်ရှင်တွေကိုပဲ ပိုသဘောကျပြီး တရက်တည်း အွန်လိုင်းမှာ ပွဲထုတ်လေ့ရှိတဲ့ Netflix လိုမျိုး ဝန်ဆောင်မှုတွေက ထောက်ပံ့ထားတဲ့ ရုပ်ရှင်တွေကို သဘောမကျဘူးလို့ ပြောဆိုထားပြီးသားပါ။
အဲဒါနဲ့ ပတ်သက်လို့ Netflix ဘက်ကတော့ သူတို့အနေနဲ့ ရုပ်ရှင်ရုံတွေကိုလည်း ချစ်မြတ်နိုးတဲ့အကြောင်း ပြန်လည် ကြေညာချက်ထုတ်ထားပါတယ်။ အခုလိုမျိုး အွန်လိုင်းရုပ်ရှင်ရုံတွေကိစ္စ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာက အခုနှစ် ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ဒါရိုက်တာ Alfonso Cuaron ရဲ့ “Roma” ရုပ်ရှင်ဟာ အကောင်းဆုံး ဇာတ်ကားဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာကနေ စပါတယ်။
ဒါပေမယ့် အကောင်းဆုံးဇာတ်ကားဆုကို “Green Book” ရုပ်ရှင်က ရရှိခဲ့တာဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ရုပ်ရှင် ပြတဲ့ နည်းလမ်းတွေရဲ့ ရိုက်ခတ်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်လောကထဲမှာလည်း ဆွေးနွေး ငြင်းခုံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့ ဒါရိုက်တာကဏ္ဍမှာ အုပ်ချုပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒါရိုက်တာကြီး Spielberg က မကြာမီကျင်းပတော့မယ့် ဘုတ်အဖွဲ့အစည်းအဝေးမှာ အရည်အချင်းသတ်မှတ်ချက် စည်းမျဉ်းနဲ့ ပတ်သက်ပြီး အပြောင်းအလဲတခုလုပ်ဖို့ အိုင်ဒီယာတခုကို မိတ်ဆက်မယ်လို့ ဆိုပါတယ်။ ဒါရိုက်တာကြီးဟာ အွန်လိုင်းရုပ်ရှင်ရုံနဲ့ ပကတိရုပ်ရှင်ရုံတို့အကြား မတူကွဲပြားမှုနဲ့ ပတ်သက်လို့ တော်တော်လေး သည်းသည်းသန်သန် ခံစားနေရတဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒါရိုက်တာကြီးရဲ့ အခုလိုမျိုး လုပ်ဆောင်မှုဟာ ဟောလိဝုဒ်အသိုင်းအဝိုင်းမှာ ရှိသူအချို့ရဲ့ ဝေဖန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အခုအဆိုပြုချက်ကို ဆန့်ကျင်တဲ့အကြောင်း ဆိုရှယ်မီဒီယာတွေမှာ ပြောကြဆိုကြတာတွေ ရှိနေပါတယ်။
Netflix ကနေ ပြသခဲ့တဲ့ “Roma” ရုပ်ရှင်ဟာ အကယ်ဒမီဆု ၃ ခုရရှိခဲ့ပါတယ်။ “The Ballad of Buster Scruggs” ရုပ်ရှင်ကတော့ ဆန်ခါတင်ဆုနှစ်ခု လျာထားခံခဲ့ရပြီး “End Game” ရုပ်ရှင်ကတော့ အကောင်းဆုံးမှတ်တမ်းတို ရုပ်ရှင်ဆုအတွက် ရွေးချယ်ခံခဲ့ရပါတယ်။
Ref: aceshowbiz