မြန်မာနိုင်ငံမှ အလှမယ်များကြားထဲမှာ ထူးခြားတဲ့မျက်နှာပေါက်များနဲ့ တယောက်တမျိုးစီလှပလျက်ရှိတဲ့ အလှမယ်မေမြတ်နိုးနဲ့ ရွှေအိမ်စည်တို့ ၂ဦးရဲ့ တယောက်နဲ့တယောက်အကြောင်းများကို ပြောပြခဲ့ကြပါတယ်။
“သူနဲ့စတွေ့တာက မြတ်နိုး Asia Next Top Model မပြိုင်ခင်က အိမ်စည်က Miss World ပြိုင်ဖို့ဆိုလားပြောတော့ ပြိုင်ပေါ့။ သူ့ရဲ့မျက်နှာပေါက်က မြန်မာပြည်ရဲ့ အလှမယ်လောကမှာလိုအပ်တဲ့ မျက်နှာမျိုး။ အရမ်းရှားတယ်။ ခန္ဓာကိုယ်လည်းလှတယ်။ အတွေ့အကြုံလည်းရအောင် ပြိုင်ပေါ့နော်။ Miss Universe ကတော့မပြိုင်နဲ့ဦး ပြီးမှပြိုင်ဆိုပြီး အကြံပေးခဲ့တယ်” လို့ အလှမယ်မေမြတ်နိုးကပြောပါတယ်။
ရွှေအိမ်စည်ကတော့ “သူနဲ့စသိခါစ ဖုန်းဆက်ပြီးတော့ ဘလိုင်းကြီး ပြုံးတဲ့ ဘာလဲပေါ့။ အဲဒီတုန်းက သိပ်မခင်သေးဘူး။ အိမ်စည်က မပြုံးဘူး” လို့ပြောပါတယ်။
ရွှေအိမ်စည်ကတော့ ရွှေဝါရောင်အသားအရည်နဲ့လှပနေပြီး မေမြတ်နိုးကတော့ အညိုရောင်ချောကလက်ရောင် အသားအရေနဲ့ လှပနေကြတဲ့အတွက် တယောက်တမျိုးစီထူးခြားလျက်ရှိပါတယ်။
“သူ့အင်တာဗျူးတွေကြည့်ရင် မျက်နှာကတချိန်လုံး တည်တည်ကြီးနဲ့ဆိုတော့ မဟုတ်သေးဘူးပေါ့။ Miss ကပြုံးရတယ် ပြုံးရတယ်ပြုံးဆိုပြီး ပြောလိုက်သေးတယ်။ စတွေ့တုန်းက အကြောတင်းတယ်ပေါ့။ ဘယ်လိုမှန်းမသိဘူးပေါ့ ဒီကောင်မလေးက။ မြတ်နိုးထက်ငယ်တယ်။ အိမ်စည်က။ တကယ်တမ်းကျတော့ သူကသူ့အာရုံနဲ့သူလာတာ” လို့ မေမြတ်နိုးက ပြောပါတယ်။
မေမြတ်နိုးကတော့ အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် Miss Asia Pacific ကိုရီးယားနိုင်ငံမှာ ယှဉ်ပြိုင်ခဲ့ကာ Organization နဲ့ပြဿနာ ဖြစ်ပွားခဲ့ပြီး သရဖူအသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ Asia Next Top Model မှာလည်း သွားရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
ရွှေအိမ်စည့်အနေနဲ့လည်း Miss ပြိုင်ပွဲများနဲ့ပတ်သက်ပြီး Organization နဲ့ပြဿနာဖြစ်ခဲ့ဖူးတဲ့အတွက် သူတို့၂ယောက်အတွက် အဆိုပါပြဿနာများကတော့ ပုံစံချင်းတူလို့နေပါတယ်။
“အဓိကကတော့ မြတ်နိုးတို့ ၂ယောက်ကထက်တယ်။ ကိုယ်တွေက အရမ်းကိုကြိုးစားချင်တဲ့စိတ်တွေရှိတယ်။ ကိုယ်တွေကို ထိန်းချုပ်ချင်တဲ့သူတွေနဲ့တွေ့တော့ ပြဿနာလေးတွေဖြစ်တာပေါ့။ ပြဿနာတွေကတော့ ၂ယောက်စလုံးကို ထိန်းချုပ်လို့မရတာကြောင့်လို့ထင်ပါတယ်။၂ယောက်လုံးကလည်း မြန်မာနိုင်ငံအတွက် ကြိုးစားပေးချင်ကြတယ်” လု့ိ မေမြတ်နိုးကပြောပါတယ်။
ရွှေအိမ်စည်ကလည်း “တချို့တွေကျတော့ ထက်တော့ထက်ရမယ်။ သူတို့ထက် မထက်ရဘူး။ သူတို့ထက် ထက်ရင်ကြောက်တယ်လေ။ ၂ယောက်လုံးက ပွင့်ပွင့်လင်းလင်း အေးအေးဆေးဆေးလေးပဲ။ ထိန်းချုပ်ထားတာမရှိဘူး” လို့ ပြောပါတယ်။
မေမြတ်နိုး နဲ့ ရွှေအိမ်စည်တို့ ၂ဦးကတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပြည်ပနိုင်ငံများမှ အလှမယ်ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုကိုယ်စီနဲ့ ကြိုးစားနေကြပါတယ်။