Entertainment

နယ်လှည့်ဖျော်ဖြေပွဲကို မှတ်တမ်းတင်မယ့် ရုပ်ရှင် ဖန်တီးနေတဲ့ Westlife အဖွဲ့

Westlife အဖွဲ့ဟာ သူတို့ရဲ့တကျော့ပြန်အနုပညာလှုပ်ရှားမှုကို မှတ်တမ်းတင်မယ့် ရုပ်ရှင်တခုကို ဖန်တီးနေ တယ်လို့ သိရပါတယ်။ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Kian Egan, Shane Filan, Mark Feehily နဲ့ Nicky Byrne တို့ ပါဝင်ကြတဲ့ အိုင်းရစ်အဖွဲ့ဟာ အခုမေလမှာ ပြုလုပ်တော့မယ့် ဥရောပနယ်လှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို စတင်ချိန်မှာပဲ မှတ်တမ်းတင်ရိုက်ကူးရေးကို စတင်မှာဖြစ်ပါတယ်။

သူတို့အဖွဲ့ဝင်လေးဦးရဲ့ ရုပ်ရှင်ကိုတော့ မူပိုင်ခွင့်ရဖို့ Sky ကရော၊ Netflix ကပါ အပြိုင်အဆိုင်ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

အဖွဲ့ဝင် Kian က “ကျနော်တို့က တောက်လျှောက်သွားမှာမို့လို့ ပထမဆုံးနေ့ကတည်းက ရိုက်ကူးရေး သမားတွေက ကျနော်တို့ိကို ရိုက်နေကြပါပြီ။ Netflix ကနေပြမှာလား၊ Sky ကနေပြမှာလားဆိုတာ ဖော်ထုတ်ဖို့ အချိန်ရောက်ပါပြီ” လို့ပြောဆိုခဲ့ပါတယ်။

သူတို့အဖွဲ့ပြန်လည်ပေါင်းစည်းပြီးတဲ့နောက် ပြုလုပ်တဲ့ နယ်လှည့် ဖျော်ဖြေပွဲကို မှတ်တမ်းတင်ချင်ရတဲ့အကြောင်းအရင်းက သူတို့ထုတ်ဖော်ပြသမယ့် အရာတွေကို ကလေးတွေနဲ့ သူတို့ရဲ့ ပရိသတ်တွေ မြင်စေချင်တာ အရေးကြီးနေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

အဖွဲ့သားအားလုံးနီးပါးဘယ်လို ပြန်လာခဲ့ကြတယ်ဆိုတာ ပရိသတ်တွေနဲ့ ကလေးတွေအတွက် သိစေဖို့ အရေးကြီးကြောင့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရတာဖြစ်တယ်လို့ အဖွဲ့ဝင် Shane က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ အဖွဲ့သားတွေအနေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြပြီးတဲ့နောက် အခုလိုမျိုး ရရှိခဲ့တဲ့ အခွင့်အရေးမှာ ပရိသတ်အပေါ် ဘယ်လိုသစ္စာရှိတယ်ဆိုတာကိုလည်း ပြချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၄ ခုနှစ်အထိ အဖွဲ့သား Brian McFadden ရှိခဲ့တဲ့ Westlife အဖွဲ့ဟာ နယ်လှည့်ဖျော်ဖြေပွဲ လုပ်ဖို့ တော်တော်လေးကို စိတ်အားထက်သန်ခဲ့ကြပေမယ့် အဖွဲ့ဝင် Mark ကလွဲလို့ ကျန်အဖွဲ့ဝင်တွေဟာ ဖခင်တွေ ဖြစ်လာကြတာကြောင့် လမ်းခွဲခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“My Love” သီချင်းနဲ့ ကမ္ဘာတဝန်းနာမည်ကျော်ကြားခဲ့တဲ့ Westlife အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပဲ အဆိုတော် Ed Sheeran ရေးသားပေးထားတဲ့ ‘Hello My Love’ သီချင်းကို ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့သား Shane နဲ့ Nicky ကတော့ သူတို့အဖွဲ့ရဲ့ အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးမယ်ဆိုရင် ဟောလိဝုဒ် အကျော်အမော်တွေဖြစ်တဲ့ Tom Cruise နဲ့ Ryan Gosling ကိုထည့်သွင်းရိုက်ကူးစေမယ်လု့ိ ဆိုပါတယ်။

Ref:asiaone

Loading