အဆိုတော် အလုပ်အပြင် စီးပွားရေးတွေလည်း လုပ်နေတဲ့ အဆိုတော် သားစိုးက အိမ်၊ခြံ၊မြေ ဆောက်လုပ်ရေးကိုလည်း တိုးချဲ့လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်စအတွက် ထူးထူးခြားခြားအနေနဲ့ မတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာပြုလုပ်မယ့် “Most Amazing Private Property Sales Expo 2019 ” အိမ်ခြံမြေဈေးရောင်းပွဲမှာ သူရှိနေမယ်လို့ ဧရာဝတီကို ပြောပါတယ်။
သားစိုးက အိမ်၊ခြံ၊မြေ လုပ်ငန်း လုပ်ဆောင်ပုံများနဲ့ ပတ်သက်ပြီး “ကျနော့် သူငယ်ချင်းက ရွှေတောင်ကြားလမ်းမှာ My Resident ဆိုတာကို ဆောက်တယ်။ သူတို့ရဲ့Project ကိုလည်း ကျနော်သွားကြည့်တယ်။ တကယ် ကောင်းတယ်။ဒါကြောင့်လည်း ကျနော်က အာမခံပြီး ရောင်းပေးဖြစ်တယ်။ ရောင်းလည်း ရောင်းရတယ်။ ဝယ်တဲ့သူတွေလည်း အကျိုးဖြစ်ထွန်းတာ တွေ့ရလို့ ပျော်တယ်။ ဒီအလုပ်က နှစ်ဖက်စလုံး အကျိုးရှိတယ်။ ကြားထဲက အကျိုးဆောင်ပေးရတဲ့ ကျနော်တို့လည်း ပျော်ရတယ်”
“ကျနော်က အကျိုးဆောင်ရော၊ Media ပိုင်းရော အကုန်လုံးမှာ ပါတာ။ လုပ်ရင်လည်း အစ၊ အဆုံး လုပ်တတ်တဲ့သူတယောက် ဆိုတော့၊ ကလေးတွေလည်း မခိုင်းချင်တော့ ကျနော့်အနေနဲ့ပဲ ဆက်တိုက်တွေ လုပ်ဖြစ်သွားပါတယ်”လို့သားစိုးက ပြောပါတယ်။
သားစိုးက ဒီလုပ်ငန်းကို၂၀၀၈ ခုနှစ်ကတည်းက စတင်လှုပ်ရှားဖြစ်တယ်လို့ ဆိုပြီး လုပ်ချင်လာတဲ့ စိတ်ကူးကိုလည်းသားစိုးက အခုလိုပြောပြပါတယ်။
“ကျနော်လုပ်တာ ဆယ်နှစ်ကျော်သွားပြီဗျ။ စလုပ်တုန်းကတော့ ကိုယ်ပိုင်အနေနဲ့ပဲ တနိုင်တပိုင်လေးစ လုပ်ဖြစ်တယ်။နောက်ပိုင်း Golden City နဲ့ချိတ်ဆက်ဖြစ်သွားပြီးလုပ်ဖြစ်သလို တခြားသူတွေနဲ့လည်းလုပ်ဖြစ်သွားတာပါ။ ဒီလိုစီးပွားရေးလုပ်ငန်းလုပ်ဖြစ်တယ် ဆိုတာကလည်း ကျနော်တို့မှာက Copy Right ဆိုတာ မရှိဘူး။ အဆိုတော်ပဲဖြစ်ဖြစ်၊ မင်းသား၊ မင်းသမီးပဲဖြစ်ဖြစ်၊ ကာတွန်းဆရာပဲ ဖြစ်ဖြစ်ပေါ့။ အနုပညာသမားမှန်ရင် ဒုက္ခရောက်တာပဲ။ ကျနော် အဲဒါကိုကြည့်ပြီး သံဝေဂ ရတယ်။ ဒါနဲ့ပဲ မေတ္တာညွန့်ဖက်မှာ ပေ ၂၀/ပေ ၆၀မြေကွက်လေး စဝယ်ပြီး လုပ်ဆောင်ဖြစ်ခဲ့တာပါ”လို့ သားစိုးက ပြောပါတယ်။
အနုပညာသမား စီးပွားရေးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံ့ရတယ်ဆိုတဲ့အပေါ်ကို အခုလိုဆိုပါတယ်။
“ကျနော်တို့ အရင်တုန်းကလေ သိန်း ၁၀၀ ရင်းနှီးမြှုပ်နှံရင် ဘယ်လောက်ပြန်ရမယ်ဆိုတာမျိုး မတွက်ခဲ့ဖူးဘူး။ ကိုယ်လုပ်ချင်တာပဲ သိတာကိုး။ အခုတော့ ကိုယ်က လုပ်တာလည်းကြာလာပြီဆိုတော့ မနှစ်ကနဲ့ ဒီနှစ်တောင် မတူတော့ဘူး။ ပိုသိမြင်လာတယ်။ ဒါပေမယ့် စီးပွားရေးသက်သက်ကြီးပဲ လုပ်ရင်လည်း မကောင်းဘူး။ အနုပညာနဲ့ ဆက်စပ်လိုက်တဲ့အခါကျတော့ အကောင်းဆုံးရလဒ်တွေ ရပါတယ်”
“ပြီးတော့နောက်ပိုင်းမှာ ထိထိမိမိ လုပ်ကိုင်ဖို့ဆိုရင် ဒီ အိမ်၊ခြံ၊မြေကိုပဲ ဆက်သွားမှာပါ။ ကိုယ်လည်းဝါသနာပါတယ် ဆိုတော့လေ။ အိမ်၊ခြံ၊မြေသည်သာ ကျနော့်ရဲ့အသက်ဖြစ်ပါတယ်”လို့ သားစိုးက ဆိုပါတယ်။
သားစိုးက နောက်ပိုင်းမှာ ကိုယ်ပိုင်အနေနဲ့ လုပ်ဖို့ရည်ရွယ်ထားတဲ့ Project တွေ ရှိတယ်လို့လည်း ဆိုပါတယ်။
“ကျနော် စဉ်းစားထားတာ ရှိတယ်။ Micro Apartment ပေါ့နော်။အခု New York မှာ ခေတ်စားနေတယ်။ အဲဒါမျိုးကို ကိုယ်တိုင်လုပ်ဖို့ ရှိပါတယ်။ အဲဒီလုပ်ငန်းမှာ တွဲပြီးလုပ်ချင်တဲ့ ပါတနာတွေရှိရင်လည်း ၊ Micro Condo ကို စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေ၊ အကျိုးတူ လုပ်ချင်တဲ့ Developer တွေ ကျနော့်ကို ဆက်သွယ်နိုင်ပါတယ်။ အခုဆိုရင် ကျနော်က မြေနေရာတွေ၊ Project Style တွေ ရွေးနေပါပြီ”လို့ သားစိုးက ဧရာဝတီကို ပြောပါတယ်။
စီးပွားရေးဘက် ပိုလှည့်ဖြစ်နေတဲ့ သားစိုးက “အခုအချိန် ကျနော်တို့ ခေါင်းထဲမှာ ပိုရှိတာက သားနဲ့သမီးနှစ်ယောက်စာဖြစ်သွားတဲ့အတွက် ပိုက်ဆံ ပိုရှာရမယ်ဆိုတာပဲ ရှိပါတယ်။သမီးလေးကို နာမည်တောင် မပေးရသေးဘူး။ ‘ပန်းကလေး’ ဆိုတဲ့နာမည်ကို သူ့အစ်ကို ပန်းသီးက ပေးလိုက်တာ။ ကျနော်က ကလေးတွေကိုနာမည်တခါမှ မပေးဖြစ်ဘူး။ ပန်းသီးတုန်းကကျတော့ နာ့စ်ဆရာမလေးတွေက ပေးလိုက်တာ”လို့ ပြောပါတယ်။