မကြီးစိုးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာကတော့ ဆယ်စုနှစ်များစွာတိုင် အလှအပကို ထိန်းသိမ်းထားနိုင်ပြီး အသက်ကြီးလာလေ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ရလေပဲလို့ ပြောပါတယ်။
“အသက်ကြီးလာလေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရတဲ့နှုန်းက ပိုများလာလေပဲ။ ကိုယ်တွေမှာ အဲဒါတောင် သားသမီးတွေ ဘာညာကွိကွတွေ မရှိလို့ တော်သေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်ပိုရတာပေါ့လေ။ အိမ်မှာမိဘပြီးရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လို့ရတာပေါ့။ အသက်ကြီးလာလေ ချို့ယွင်းတာတွေက များလာလေ။ ပျက်စီးတာ တွေကများလာလေ။ ပိုဂရုစိုက်ရလေပါပဲ။ နည်းနည်းစားရင်လည်း ဝတယ်။ အိပ်ရေးပျက်ရင်လည်း မျက်တွင်းကြီးတွေ ချိုင့်သွားတယ်။ မျိုးစုံပါပဲ” လို့ စိုးမြတ်သူဇာက ပြောပါတယ်။
စိုးမြတ်သူဇာကတော့ အခုချိန်မှာ တကိုယ်တည်းဘဝဖြင့် မိသားစုနဲ့အတူ အေးချမ်းစွာဖြတ်သန်းနေပြီး အလှအပ ရေးရာအတွက် ဂရုစိုက်ဖို့အတွက် အချိန်ပိုရတယ်လို့ ဆိုပါတယ်။ မိန်းမဆန်ပြီး ကျက်သရေရှိတဲ့အလှကို ပိုင်ဆိုင်ထားတဲ့သူတယောက်ဖြစ်တဲ့အတွက် အလှအပဟာ မိန်းမတယောက် အတွက် ဘယ်လောက်အရေးပါလဲဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“အလှအပက ဘယ်လောက်အရေးပါလဲဆိုရင် မိန်းမတွေက မွေးကတည်းကနေ သေခါနီးအချိန်ထိ လှနေရင် တော့ကောင်းတာပေါ့။ မိန်းမတွေရဲ့ပါဝါလို့ပဲပြောမလား။ ကြီးကြီးငယ်ငယ်မရွေး ဝဝလေးနဲ့လည်း လှအောင်လုပ် လို့ရတယ်။ ပိန်ပိန်လေးနဲ့လည်း လှအောင်လုပ်လို့ရတယ်။ လှတယ်ဆိုတာ အမျိုးစုံလုပ်လို့ရတယ်။ ပင်ကိုယ်ပုံစံကို လှအောင်လုပ်လို့ရတာတွေ တပုံကြီးပါပဲ။ လှအောင်လုပ်ဖို့ကတော့ မိန်းမသားတွေရဲ့တာဝန်ပဲပေါ့။ အဲဒါကလက်နက်ပဲ” လို့ ပြောပါတယ်။
သူမရဲ့အလှအပထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့လည်း “မကြီးကလေ အအိပ်အစားနဲ့လည်း မူတည်တယ်။ အိပ်ရေးပျက်ရင် မကြီးမျက်နှာက ပွစိစိဖြစ်လာတယ်။ မျက်နှာက Sensitive Skin ဆိုတော့ပိုဆိုးတယ်။ Sensitive Skin ဆိုပေမယ့် မတည့်ဘူးဆိုပြီးတော့ ဖြတ်လိုက်ရတာတော့ မရှိပါဘူး။ ဥပမာ Bella ကအောက်ခံမိတ်ကပ်ခရင်မ် သုံးတယ်ဆိုရင် အဲဒါတွေက မကြီးနဲ့တည့်တယ်။ ဟိုအရင်ဝက်ခြံထွက်တုန်းကသာ သေးသေးတင်မခံတာ။ ဖုန်တွေအရမ်းထူတာမျိုး ၊ နေတွေအရမ်းပူတာမျိုး ဆိုရင်မျက်နှာက မကောင်းတော့ဘူး။ အိမ်ထဲမှာနေရင် ကောင်းသွားပြန်ရော” လို့ စိုးမြတ်သူဇာကပြောပါတယ်။
စိုးမြတ်သူဇာကတော့ ချစ်ရတဲ့ မိဘများနဲ့အတူ ညီအမများက မွေးတဲ့တူ ၊ တူမလေးများနဲ့ ပျော်ရွှင်စွာနေထိုင်လျက် ရှိပြီး ညီအစ်မများနဲ့အတူ “မင်းသမီးပိုးထည်တိုက်” ကိုလည်းဖွင့်လှစ်ထားပါတယ်။