လူကြမ်း သရုပ်ဆောင်အဖြစ် မြန်မာဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများမှာ မပါမဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ၊ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ သရုပ်ဆောင် ကိုကိုဦးမှာ ခပ်ချောချော သားလေး တယောက် ပိုင်ဆိုင် ထားပါတယ်။ သူ့နာမည်ကတော့ သီဟအောင်ပဲ ဖြစ်ပါတယ်။ သားဖြစ်သူ အကယ်ဒမီ ရွှေကြိုမှာ ပါဝင်လာတဲ့အတွက် သရုပ်ဆောင် ကိုကိုဦး ဝမ်းသာပြီး ဒီလိုပါဝင်လာအောင် သူ့ဘက်က အားစိုက်မှုအပိုင်းကို အခုလိုဆိုပါတယ်။
“သားလေးရွှေကြိုပါဖို့ အားစိုက်ခဲ့ရတယ်။ ဂယက်တွေလည်း ထသွားတယ်။ ပြန်ပါတော့ ပြန်အရွေးခံရတော့ အရမ်း ဝမ်းသာရတယ်။ သားက ဇာတ်လမ်းအတိုလေး ရိုက်တယ်။ အိမ်မှာ သူဘယ်လို လေ့ကျင့်လဲတော့ မသိဘူး။ ငါ့သား ဟုတ်မှ ဟုတ်ရဲ့လားဆိုပြီး ပြောဖြစ်တယ်။ သူလုပ်နိုင်တာလေး တွေ့ရတယ်။ သူရွှေကြိုလျှောက်တာလည်း သူလုပ်နိုင်မှာပါ။ အဲ့ လမ်းလျှောက်တာလေးတွေတော့ နည်းနည်း ပြန်လေ့ကျင့်ရမှာပေါ့”လို့ ကိုကိုဦးက ပြောပါတယ်။
“သားလေး အခုလိုရွှေကြိုပါခွင့်ရတာ အရမ်းဂုဏ်ယူတယ်။ ကျနော်တို့လို ဇာတ်ပို့ ဇာတ်ရံက အကယ်ဒမီရမှသာ တက်ရမှာလေ။ ကျနော့်အနေနဲ့ အရင်ကတည်းက အခုချိန်ထိတခါမှ အဲ့စင်ပေါ်ကို မတက်ဖူးဘူး။ ကျနော့်ကိုယ်စား ကျနော့်သားလေးတက်ရမှာ အရမ်ဝမ်းသာတယ်”လို့ လူကြမ်းသရုပ်ဆောင် ကိုကိုဦးက ဧရာဝတီကို ပြောပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီး သားဖြစ်သူကို ပြောပြဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း ကိုကိုဦးက အခုလိုပဲ ဆိုပါတယ်။
“အနုပညာနဲ့ ပတ်သက်ပြီး ကျနော် တွေ့ ကြုံခဲ့ရတဲ့ အခက်အခဲတွေ ပြောပြတယ်။ ပျော်စရာတွေလည်း ရှိတယ်၊ စိတ်ညစ်စရာတွေလည်း ရှိတယ်။ အနုပညာရှင် မောင်နှမတွေပေါ်မှာ သည်းခံစိတ်၊ ကိုယ်ချင်းစာစိတ်တွေ ထားဖို့။ အနုပညာရှင်မှာ ဝေဖန်တာလည်း ရှိတယ်။ ကောင်းသော ဝေဖန်ခြင်း၊ မကောင်းသော ဝေဖန်ခြင်းတွေကို နားလည်မှသာ အနုပညာလုပ်လို့ ရမယ်လို့ ကျနော် သင်ထားပေးပါတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး ကိုကိုဦးက “ကျနော်နဲ့ တူရင် ရုပ်ဆိုးမှာတဲ့။ ကျနော့် မိန်းမက သူနဲ့တူလို့ ချောတာလို့ ပြောတယ်။ ပရိသတ်ကြီးလည်း ကိုယ့်သားလေးကို ချောတယ် ပြောလို့ ကျနော် တခါတလေ သေချာပြန်ကြည့်ယူရတယ်။ အမိုးသမီးကတော့ သူ့သားလေးကို ဘာပြင်ဆင်ပေးရမလဲ အမြဲကြည့်နေတာ။ ကျနော်တို့က လူကြမ်းပေမယ့် အရင်တုန်းက မင်းသားရူးတာတွေ ရှိတယ်”
“ကိုအောင်ခိုင်၊ ကျနော်တို့ မင်းသား ရူးကြတယ်။ လူကြမ်းပေမယ့် ကျနော်တို့က မင်းသားလို နေတာ။ တချို့တွေဆို ကြည့်လို့မရဘူး။ သားကို နုနေအောင် ထားတာ။ သားကို ပြုစုပျိုးထောင်ရတာလည်း တော်တော် ခက်ခဲပါတယ်။ ငယ်ငယ်ကတည်းက အခုချိန်ထိ ဂရုတစိုက် ထားတာ။ သူ့အမေဆို ထမင်းခွံ့ကျွေးရတုန်း။ သားလေးက လိမ္မာပါတယ်”လို့ ကိုကိုဦးက ပြောပါတယ်။
အကယ်ဒမီပေးပွဲပြီးလို့ အနုပညာတွေ ဆက်လုပ်ပြီး မိဘကို ကျေးဇူးပြန်ဆပ်ချင်တယ်တဲ့ သီဟအောင်က အဖေရှုတင်တွေသွာပြီး လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။
“ဖေဖေ့ ရှုတင်တွေ လိုက်ကြည့်တယ်။ အဲ့ကနေ သင်ယူတယ်။ ဖေဖေက သားကို ရုပ်ရှင်များများကြည့်ပြီး သင်ယူခိုင်းတယ်။ ကျနော့် ဖေဖေနဲ့ မေမေ၊ သားအတွက် ပင်ပန်းခဲ့ပြီးပြီ။ သား အကယ်ဒမီပေးပွဲပြီးလို့ အနုပညာတွေ ဆက်လုပ်ပြီး ဖေဖေနဲ့ မေမေကို ကျေးဇူးပြန်ဆပ်ချင်တယ်။ ကျနော့်ကို သူငယ်ချင်းတွေက မြန်မာပြည် ဂူဂျွန်ဖြိုးလို့ ပြောကြတယ်။ ဖေဖေ့ကို ငယ်ငယ်တုန်းက ဖေဖေကဘာလို့ လူဆိုးပဲ လုပ်တာလဲ။ လူကောင်းနေရာလည်း လုပ်လို့ရတာပဲ အမြဲပြောတယ်”
“ကျနော် အသက်ကြီးလာတော့ သိလာတယ်။ ဖေဖေက ဒါရိုက်တာခိုင်းတဲ့အတိုင်း ကျရာနေရာမှာ သရုပ်ဆောင်တာလို့ မြင်ပါတယ်။ ဖေဖေအဲ့လို လူကြီးသရုပ်ဆောင်ဖြစ်လို့ ရှက်တယ်ဆိုတာမျိုး မရှိပါဘူး”လို့ သီဟအောင်က ပြောပါတယ်။
ကိုကိုဦးဟာ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ်ဆောင် ဆိုတဲ့အတိုင်း ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ MRTV-4 ရုပ်သံလိုင်းမှ ပြသနေတဲ့ “စိတ်၏ခြေရာ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
သရုပ်ဆောင် ကိုကိုဦးရဲ့သားဖြစ်သူ သီဟအောင်ကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးခဲ့ပါပြီ။ ဖခင်လိုပဲ အနုပညာပိုးပါတဲ့ သီဟအောင်က အနုပညာလှုပ်ရှားမှုတွေကို ရွှေကြို အပြီးမှာ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။