သီချင်း အသစ်အဆန်းများကို အမြဲတမ်း ဖန်တီးလေ့ရှိတဲ့ ဆိုဖီယာကတော့ မကြာခင်မှာ Myanmar Idol 3 ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ မေမဒီနဲ့အတူ “ယာယီ” ဆိုတဲ့ သီချင်းအသစ် တပုဒ် သီဆိုထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အခုက မေမဒီနဲ့ သီချင်း လုပ်ထားတယ်။ ယာယီဆိုတဲ့ သီချင်းလေး။ ၁၅ ရက်၊ ၁၆ ရက်ဆို ထွက်မယ်။ အဲဒီထဲမှာလည်း ဆိုဖီယာ့ ပုံစံအတိုင်းပဲ အချစ်သီချင်း အမြူးလေးပေါ့။ မေမဒီ ကိုယ်တိုင် ရေးတယ်။ ကိုချမ်းအေးဝင်းက တီးပေးတယ်ပေါ့နော်။ သူနဲ့က အပြင်မှာလည်း တွေ့ဖြစ်တယ်။ ပေါင်းဖြစ်တယ်။ သူက ချိုချိုအေးအေးလေး ဆိုဖြစ်တာများတယ်။ ဒီတခေါက် သီချင်းက မိုက်တယ်။ အစ်မနဲ့ အတူတူ လုပ်ကြမယ်ဆိုပြီး လုပ်ဖြစ်သွားကြတယ်”လို့ ဆိုဖီယာက ပြောပါတယ်။
ဆိုဖီယာနဲ့ မေမဒီတို့ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ အဆိုတော်များဖြစ်ခဲ့ကြပြီး နှစ်ယောက်က Season မတူပေမယ့် အပြင်မှာတွေ့ဖြစ်ပြီး သီချင်းဖန်တီးဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။
“အိုင်ဒေါက လူတွေနဲ့ဆိုရင် ကို Rio နဲ့ သီချင်းလုပ်ပြီးပြီ။ အခုတော့ မေမဒီနဲ့ပေါ့။ နင်ဇီနဲ့လည်း သီချင်းလုပ်ဖို့ ရှိပါတယ်။ နင်ဇီမေနဲ့ကတော့ အသည်းကွဲသီချင်းလေး ဖြစ်မှာပါ။ ဆိုဖီယာကလည်း ဆိုဖီယာပုံစံနဲ့ အသည်း ကွဲမယ်။ နင်ဇီကလည်း နင်ဇီပုံစံနဲ့ အသည်း ကွဲမယ်။ အဲဒါကို နှစ်ယောက်ပေါင်းပြီးတော့ လုပ်ကြမှာပါ” လို့ ဆိုဖီယာက ပြောပါတယ်။
အဆိုတော် ဆိုဖီယာရဲ့ မကြာခင်က အွန်လိုင်းကနေ ဖြန့်ချိထားတဲ့ “Medusa” သီချင်းကိုလည်း ပရိသတ်များသာမက ဂီတလောကထဲက ဝါရင့်အဆိုတော်ကြီးများကပင် ကြိုက်နှစ်သက်ခဲ့ကြပြီး အိုင်ဒီယာ ဆန်းသစ်စွာနဲ့ ဖန်တီးထားပါတယ်။
“အိုင်ဒီယာကတော့ ဆိုဖီယာ စဉ်းစားတာပါ။ ကိုမိုးထက်ကို သီချင်းပေးကတည်းက ဘာရေးကြမလဲ ဘာလုပ်ကြမလဲပေါ့။ အရှေ့မှာက “ရွံစရာကြီး” ထွက်ထားတော့ ဒီတခေါက် အချစ်တွေဘာတွေ လုပ်မနေကြတော့ဘဲနဲ့ အသိတခုခု ပေးနိုင်မယ့်ပေါ့နော်။ အဲဒါကြောင့် Medusa ကို ဖန်တီးဖြစ်တယ်။ ဆိုဖီယာက Versace Brand ကို ကြိုက်တာရယ်၊ အဲဒီက မြွေခေါင်းတွေပေါ့”
“ဒီ Medusa မိန်းမက ဘာလို့မြွေခေါင်းတွေ ဖြစ်သွားတာလဲပေါ့။ သူက အရမ်းလှတယ်။ ယောကျ်ားတွေကို လှည့်စားတယ်။ အသည်းတွေ ခွဲတဲ့အခါကျတော့ ကျိန်စာသင့်ပြီးတော့ မြွေခေါင်းတွေ ဖြစ်သွားတယ်။ အဲဒါလေးကိုပြောချင်တာပေါ့။ ကိုမိုးထက် ရေးပေးတာပါ”လို့ ဆိုဖီယာကပြောပါတယ်။
အိုင်ဒီယာအဆန်းများနဲ့ သီချင်းများကို ဖန်တီးလေ့ရှိတဲ့ ဆိုဖီယာကတော့ နောက်ထပ် ဘယ်လိုသီချင်းတွေဖန်တီးသွားမလဲဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“အခုထိတော့ အိုင်ဒီယာ မရှိသေးဘူး။ ထိုင်နေရင်းနဲ့ အိုင်ဒီယာ ပေါ်လာရင် ပေါ်လာတာ။ ဖျတ်ခနဲပေါ့။ တခါတလေကျရင် အရာဝတ္ထု တခုအကြောင်းကို ရေးချင်ရင် ဥပမာ Medusa လိုမျိုးပေါ့။ Brand တွေကိုကြည့်ရင်းနဲ့ ငါဒီအကြောင်းရေးရင် ကောင်းမလားဆိုပြီး စဉ်းစားမိသွားတာ။ သီချင်းတွေကို အဲဒီလိုဖန်တီးချင်တယ်။ အချစ်သီချင်းထက် စာရင်ပေါ့” လို့ ဆိုဖီယာက ပြောပါတယ်။
ဆိုဖီယာကတော့ Myanmar Idol Season 1 မှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပြိုင်ပွဲမှာ ဆုရရှိခဲ့ခြင်း မရှိပေမယ့် သီချင်းများ အမြဲတမ်းဖန်တီးနေပြီးတော့ ယခုအချိန်မှာတော့ တကိုယ်တော်အခွေ ၂ ခွေ ထွက်ရှိပြီး ဖြစ်ပါတယ်။