ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်တဲ့ အကယ်ဒမီ နေတိုးကတော့ မကြာခင်ပြသမယ့် “တာတူး” ရုပ်ရှင်ဟာ မည်သူ တဦးတယောက်ကိုမှ လှောင်ပြောင်ထားတာ မဟုတ်ကြောင်း ပြောပါတယ်။
“တာတူးကားလေးကိုလည်း ရင်ခုန်ပါတယ်။ ဒီကားလေးကို အကုန်လုံးကရော ကျနော်ရော သဘောကျတဲ့ အတွက် ရိုက်ဖို့ တထိုင်တည်းမှာပဲ ဆုံးဖြတ်လိုက်တဲ့ ကားတကားပေါ့။ ဇာတ်လမ် းဖွဲ့စည်းမှုပုံစံနဲ့ ဇာတ်လမ်းပုံစံကတော့ ပရိသတ် စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံပေါ့။ ဇာတ်ကောင်ကို ပံ့ပိုးနိုင်အောင်လို့ အများကြီးကြိုးစားခဲ့တယ်။ ဇာတ်ကောင် ပီပြင်ဖို့ ပံ့ပိုးပေးခဲ့သူတွေ အများကြီးရှိတယ်။ နောက်ကွယ်ကနေ ပံ့ပိုးပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”
“ဒီကားမှာ ဇာတ်လမ်းကိုလည်း လေးနက်မှုရှိအောင် တည်ဆောက်ထားပါတယ်။ ကျနော်တို့က သရုပ်ဆောင်တဲ့အပိုင်းကို အပီပြင်ဆုံး ဖြစ်အောင်တော့ သရုပ်ဆောင်ထား ပါတယ်။ ကိုလွင်မိုးနဲ့ ၄ နှစ်ကျော်လောက်မှ ပြန်ဆုံတဲ့ ကားလေးပါ။ ဒီကားကတော့ မည်သူတဦးတယောက်ကိုမှ လှောင်ပြောင်ထားတာလည်း မဟုတ်ဘူးပေါ့။ ဒီကားလေးကို ကြည့်လိုက်ရင်တော့ သိမှာပေါ့။ LGBTတွေကို ထွေထွေထူးထူးတော့ မမြင်ပါဘူး။ စိတ်နှလုံးသားနူးညံတဲ့ လူသားတယောက် အနေနဲ့ပဲ မြင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။
“တာတူး” ဇာတ်ကားမှာ နေတိုးက ဟော်မုန်းဆေး စားမိပြီး မိန်းကလေးစိတ် ဝင်သွားသူ တယောက်အဖြစ် သရုပ်ဆောင်ထားပြီး ဒီလိုမိန်းကလေးပုံစံကို အပြင်က အနုပညာရှင်များဖြစ်တဲ့ မအေးသောင်းနဲ့ လုလုအောင်တို့ပုံစံတွေကို Reference ယူခဲ့တယ်လို့ နေတိုးက ပြောပါတယ်။
“အဓိကကတော့ ကျနော်က အပြင်မှာလည်း အသားရေ ကောင်းပါတယ်။ နောက်ပြီးတော့ ပုံမှန်အားဖြင့် ကျနော်က အရမ်းကြီးကို ယောကျာ်းဆန်နေတဲ့ ပုံလည်း မဟုတ်ဘူးလေ။ ဘော်ဒီ အချိုးအစားကလည်း နှစ်ဖက်လုံးကို ဝတ်ဆင်တဲ့ အချိန်မှာ နည်းနည်းလေး Change လို့ရတဲ့ ဘော်ဒီဖြစ်နေတာလည်း ပါပါတယ်။ နောက်ပြီး ဖက်ရှင်ရဲ့ ဆွဲဆောင်မှုလည်း ပါမယ်လို့ ထင်ပါတယ်”
“နောက်ပြီး မိတ်ကပ်မေဦးတို့ မင်းသက်စံတို့က လိုချင်တဲ့ ပုံစံကိုသူ ဒါရိုက်တာပြောတဲ့အတိုင်း ပထမကတော့ မအေးသောင်းတို့လိုမျိုး မြန်မာဆန်ဆန်လေး တခု လုပ်ချင်တယ်ပေါ့။ ပြီးတော့ နည်းနည်းလေး Sexy ကျကျပုံစံလေးကျတော့ လုလုအောင်တို့လို မော်ဒယ်တွေလို ပုံစံလေးတွေ လုပ်မယ်ပေါ့။ ဒီဇိုင်နာတွေကလည်း အဲ့အတိုင်း လုပ်ရတာပေါ့”လို့ နေတိုးက ပြောပါတယ်။
“အဲ့ နှစ်ခုကိုတော့ ကျနော်တို့ Reference ယူခဲ့ရတယ်။ ဒီအဝတ်အစားတွေဟာ ကိုယ်ဝတ်နေကျ အဝတ်တွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျဉ်းကျပ်မှုတွေ အများကြီးရှိပါတယ်”လို့ နေတိုးက ဆိုပါတယ်။
သရုပ်ဆောင် အကယ်ဒမီ နေတိုးဟာ ၂၀၀၉ ခုနှစ်မှာ “မိုးညအိမ်မက်မြူ” ၊ ၂၀၁၅ ခုနှစ်မှာ “နက္ခတ်မှားတဲ့တိုက်ပွဲ”၊ ၂၀၁၇ ခုနှစ်မှာ “တာတေကြီး” စတဲ့ ရုပ်ရှင်များနဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ချီးမြှင့်ပွဲမှာ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”တို့ကို ရရှိထားသူတဦး ဖြစ်ပါတယ်။