စီးပွားရေးကို ဦးစားပေးကာ ဇောက်ချ လုပ်ကိုင်နေတာကြောင့် ဇာတ်ကား ရိုက်ကူးမှုများနဲ့ အချိန် အတော်ကြာ ဝေးကွာနေတဲ့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့အတူ တွဲဖက် ပါဝင် သရုပ်ဆောင်ထားတဲ့အပေါ် အမှတ်တရများကို အခုလိုပဲ ပြောပါတယ်။
“ကျနော် ဇာတ်ကားတွေလည်း မရိုက်ဖြစ်တာ ကြာပြီ။ ဒါရိုက်တာ ကျော်ဇောလင်းက ကိုနေတိုးနဲ့ အတွဲလေး ဇာတ်လည်း ကောင်းပါတယ်၊ လုပ်ပေးပါ ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။ နေတိုးနဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ရိုက်ဖူးတယ်။ အခု သူတို့ ပြန်ရိုက်တဲ့ ပထဆုံးကားပေါ့”လို့ အကယ်ဒမီ လွင်မိုးက ပြောကပါတယ်။
ဆက်လက်ပြီး “သူ (နေတိုး) မိန်းကလေးလို ပြင်တာကိုလည်း အချိန်ပေးရတယ်။ နေတိုးက မိတ်ကပ်ပြင်တာ တော်တော် ထူးခြားပါတယ်။ မိန်းကလေးလို ပြင်လိုက်တော့လည်း အရမ်းလှတယ်။ အမှတ်တရတွေ လည် းရှိတယ်။ သူ့နဲ့ ရေနစ်လို့ ကယ်ရတဲ့ အခန်းဆို Mouth to mouth ရိုက်ရမှာ။ ငါတကယ် နမ်းမှာနော်လို့ စတယ်။ ပျော်စရာ ကောင်းပါတယ်။ လွယ်တော့ မလွယ်ဘူး။ နေတိုးပဲ လုပ်နိုင်ပါတယ်”လို့ လွင်မိုးက ဆိုပါတယ်။
လက်ရှိမှာ အနုပညာသမားတွေအနေနဲ့ အနုပညာ လုပ်ကိုင်ရတာ ကျပ်တည်းလာပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်ကူးတာမျိုး မဟုတ်ရင် နာလည်ပေးသင့်တယ်လို့ လွင်မိုးက ဆိုပါတယ်။
“ကျနော်တို့ အနုပညာသမားတွေ အနုပညာလုပ်ရတာ ကျပ်လာတယ်။ မိန်းမလျာ ကာရိုက်ကြောင့် ပြောတယ်။ မိတ်ကပ်ပညာရှင်တွေနဲ့လည်း အကုန်ခင်ပါတယ်။ ကျနော်တို့လည်း တွဲလာတာတွေ အများကြီးပါပဲ။ ကျနော်တို့က လူတယောက် အားနည်းချက်တွေ၊ အားသာချက်တွေကို ကာရိုက်တာ အနေနဲ့ ဇာတ်လမ်းဆင်ရတာ ရှိတယ်။ ကျနော်တို့ မော်တော်ပီကယ် လုပ်မယ်ဆိုလည်း ပြောမယ်။ အနုပညာသမား တွေလုပ်ရတာ ခက်လာတယ်”
“သူ့ဘက်၊ ကိုယ့်ဘက် သိပ်ဆိုးဆိုးဝါးဝါး မဟုတ်ရင် ခွင့်ပြုသင့်ပါတယ်။ ရည်ရွယ်ချက်က အရေးကြီးပါတယ်။ ကျနော်တို့က ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်ကူးတယ်ဆို တမျိုးပေါ့။ ဇာတ်လမ်း အနေအထားအရ သွားတာမျိုးလေးတွေကိုလည်း နားလည်ပေးဖို့ လိုမယ်လို့ ကျနော် ထင်ပါတယ်။ ဘောင်အရမ်း ကျဉ်းလွန်းအားကြီးတယ်။ ကျဉ်းတဲ့ဘောင်ထဲမှာ ဒါရိုက်တာကလည်း ပြီးအောင် ရိုက်ရမယ်။ မင်းသား၊ မင်းသမီးကလည်း ပါရမယ်။ အဲ့ဇာတ်ကလည်း ပိုက်ဆံ ရရမယ်။ အကုန်ခံထားတဲ့ ကုန်ကျစရိတ်ကလည်း Line Walker နေ့တဝက်စာလောက်ပဲ ရှိတယ်။ ဒါနဲ့ ကျနော်တို့ ရပ်တည်နေရတယ်”လို့ လွင်မိုးက ပြောပါတယ်။
သရုပ်ဆောင် အကယ်ဒမီ လွင်မိုးဟာ အကယ်ဒမီဆုတွေ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသား တဦးပါ။သူပါဝင်ထားတဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားဟာ မတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးထားတဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် လွင်မိုး၊ နေတိုး၊ သက်မွန်မြင့်၊ ယွန်းရွှေရည်နဲ့ အခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။