မင်းသမီး Brie Larson ပါဝင်ထားတဲ့ “Captain Marvel” ရုပ်ရှင်ဟာ မြောက်အမေရိကမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၄၀၀၀ ကျော်မှာပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကစလို့ ပြသခဲ့ပြီး ရုံဝင်ငွေ ဒေါ်လာ ၁၅၃ သန်းနဲ့ ပွဲဦးထွက်ခဲ့တယ်လို့ သိရပါတယ်။
“Captain Marvel” ရုပ်ရှင်ဟာ နိုင်ငံတကာမှာတော့ ဝင်ငွေ ဒေါ်လာ ၃၀၂ သန်းရရှိခဲ့ပြီး ဒေါ်လာ ၄၅၅ သန်းအထိ ရရှိနိုင်မယ်လု့ိ ခန့်မှန်းထားပါတယ်။ ပြီးတော့ ပွဲဦးထွက်ဝင်ငွေ ဆဋ္ဌမမြောက် အကောင်းဆုံး ရုပ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။
Disney ရဲ့ Marvel Cinematic Universe ရဲ့ ၂၁ ကားမြောက် ရုပ်ရှင်မှာတော့ မင်းသမီး Larson က ၁၉၉၅ ခုနှစ်မှာ ကမ္ဘာကြီးက စကြာဝဠာ ပဋိပက္ခထဲမှာ ပါဝင်ခဲ့ပြီးနောက် စွမ်းအားကြီးတဲ့ Captain Marvel ဖြစ်လာတဲ့ လေယာဉ်မှူး Carol Danvers အဖြစ် သရုပ်ဆောင်ထားတာပါ။
ဒါ့အပြင် အခြားသရုပ်ဆောင်တွေ အဖြစ် Samuel L. Jackson နဲ့ Jude Law တို့လည်း အားဖြည့်ပါဝင် ထားကြပါတယ်။ အဲဒီ ရုပ်ရှင်ဟာ CinemaScore လိုမျိုး ရုပ်ရှင်သုံးသပ်တဲ့ ဝက်ဘ်ဆိုက်မှာ A အဆင့်သတ်မှတ်ခံထားရပါတယ်။ ကြည့်ရှုပြီးတဲ့ ပရိသတ် ၈၁ ရာခိုင်နှုန်းက အကောင်းမြင်မှတ်ချက်ပေးခဲ့ကြပြီး ၆၆ ရာခိုင်နှုန်းကတော့ ရုပ်ရှင်အတွက် ထောက်ခံချက်ပြု ပြောဆိုထားကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုံဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ “How to Train Your Dragon: The Hidden World” ရုပ်ရှင်ကတော့ ဒီသီတင်းပတ်မှာတော့ ဒေါ်လာ ၁၄ ဒဿမ ၇ သန်းရရှိခဲ့ပြီး ဒုတိယမြောက်နေရာမှာ ရပ်တည်နေပါတယ်။
“Tyler Perry’s A Madea Family Funeral” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၂ သန်းနဲ့ နံပါတ် ၃ နေရာကနေ ရပ်တည်နေပါတယ်။ “The Lego Movie 2: The Second Part” ရုပ်ရှင်ကတော့ ဒေါ်လာ ၃ ဒဿမ ၈ သန်းနဲ့ စတုတ္ထနေရာမှာရှိနေပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် “Alita: Battle Angel” ကတော့ ဒေါ်လာ ၃ ဒဿမ ၂ သန်းနဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။
Ref: reuters