မြန်မာ့ဆိုင်းနဲ့ ပတ်သက်ရင် ဆိုင်းဆရာ စိန်စတင်းဆိုတာ မြန်မာသာမက ကမ္ဘာထိပါ သွားရောက် ဖျော်ဖြေခွင့်ရတဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ယခုအခါမှာ စိန်စတင်းက သားဖြစ်သူ ရွာစားစိန်မင်းနိုင်ကိုလည်း ပညာအမွေ ပေးထားခဲ့ပါတယ်။ သားဖြစ်သူ ဆိုင်းစရာ ရွှေအလင်္ကာ ရွာစာစိန်မင်းနိုင်က ဆိုင်းပညာနဲ့ ပတ်သက်လို့ အခုလို ဆိုပါတယ်။
“ဆိုင်းပညာနဲ့ပတ်သက်လို့ကတော့ ကျနော် ဒဲ့ပဲပြောရမယ်ဆိုရင် ဒီပညာရပ်ကို တိမ်ကောလာအောင် ဖျက်ဆီးတာကလည်း ကိုယ့် ဆိုင်းအသိုင်းအဝိုင်းကပဲ”လို့ နိုင်ငံကျော်ရွာစား စိန်စတင်းရဲ့သား၊ ရွှေအလင်္ကာ ရွာစားစိန်မင်းနိုင်က ဧရာဝတီကို ပြောပါတယ်။
ရွာစားစိန်မင်းနိုင်က မြန်မာ့ရိုးရာ ဆို၊က၊ရေး၊ တီးပြိုင်ပွဲ နည်းပြအဖြစ် ရွှေတံဆိပ်ဆုရှင်များစွာ၊ တပည့်များစွာကို မွေးထုတ်ပေးနေသူဖြစ်ပြီး မြန်မာ့ရိုးရာ ဆိုင်းဝိုင်းအနုပညာ တိမ်ကောသလောက် ဖြစ်နေတဲ့အပေါ် ဆိုတာနဲ့ ပတ်သက်လို့လည်း အခုလို ဖြေပါတယ်။
“တိမ်ကောလာအောင် လုပ်တာလည်း ကိုယ့်အသိုင်းအဝိုင်းကပါပဲ။ ပရိသတ် ကျေနပ်ရင်ပြီးရော၊ ကိုယ်ပွဲများများ ရရင်ပြီးရော ဆိုတဲ့ ပုံစံမျိုးနဲ့ ပရိသတ်အလိုကို လိုက်ပြီးတော့ စတိတ်ရှိုး သီချင်းတွေ၊ အနောက်တိုင်းပုံစံတွေ ပြုလုပ်လာတဲ့အတွက်ကြောင့်မို့ ကျနော်တို့မြင်ရတာ တိမ်ကောလာပြီလို့တော့ ပြောလို့ရတယ်ပေါ့။ ကျနော်ကလည်း သမီးလေးတွေက ငယ်သေးတော့ ပရိသတ်လည်း ကျေနပ်အောင် နည်းနည်းပါးပါးတော့ ထည့်ထားရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေ တီးတဲ့ ကဏ္ဍကိုလည်း အဖေစိန်စတင်း တီးခဲ့သလိုပဲ ဒီပညာရပ်တွေကို လေးလေးစားစား တီးပြပြီး ဒီနေ့၊ ဒီအချိန်ထိ ထိန်းထားဆဲပါ”
“သား၊ သမီးတွေကိုလည်း ဒီဆိုင်းပညာရပ်ကိုပဲ အမွေလက်ဆင့်ကမ်းပြီး ရွာစားကျော်စိန်စတင်း မျိုးဆက်မပျက်အောင် ထိန်းသိမ်းသွားမှာပါ”လို့ သူက ဆိုပါတယ်။
မြန်မာ့ရိုးရာ ဆိုင်းအနုပညာရှင်များရဲ့ လက်ရှိအနေအထားနဲ့ ပတ်သက်ပြီးလည်း ” မြို့ပေါ်မှာလည်း တခြားနေရာတွေမှာလည်း ဆိုင်းကို စွဲစွဲမက်မက်နဲ့ ဘာပွဲ ကျင်းပ၊ ကျင်းပ ဆိုင်းထည့်တဲ့သူတွေလည်းရှိ ပါတယ်။ သို့ပေမယ့် နေရာဒေသအလိုက် ဆိုင်းဝိုင်းဆင်ဖို့ နေရာတွေ၊ ပရိသတ်ကြည့်ဖို့ နေရာအခက်အခဲတွေကြောင့်၊ လမ်းတွေကလည်း ကျဉ်းကုန်လို့ ဆိုင်းမထည့်ဖြစ်တာတွေလည်း ရှိပါတယ်။ နောက်ပြီး စီးပွားရေးကြပ်တည်းလာတာကြောင့်လည်း ဆိုင်းမထည့်ကြတော့တာလည်း ပါပါတယ်”
“အခုလက်ရှိကတော့ နယ်ပရိသတ်တွေပဲ အားကိုးနေရတော့တာပေါ့။ မန္တလေးတို့၊ မကွေးတို့၊ ကျောက်ပန်းတောင်းတို့်ကတော့ ပွဲပေါကြတယ်။သူတို့ဆီမှာက အလှူမင်္ဂလာပွဲဆိုရင် ဘိသိတ်နဲ့ ဆိုင်းက မပါမဖြစ်။ အလှူဆို ဆိုင်းပါတယ်ဆိုတော့ အထက်မြန်မာပြည်က ဆိုင်းတွေက ပွဲမရှားဘူး။ ကျနော်တို့ဆို ဒီလိုရာသီဆို ပွဲတွေ ဆက်နေရော။ ရန်ကုန်မှာ သိပ်မရှိဘူး” လို့ ရွှေအလင်္ကာ စိန်မင်းနိုင်က ဆိုပါတယ်။
ပွဲအလိုက် အနုပညာဖန်တီးရတဲ့ ပုံစံကိုလည်း သူက အခုလိုပြောပြပါတယ်။ “အခုက ရှင်ပြုရာသီလို့ပြောလို့ရတယ်။ ဗုဒ္ဓဘာသာမြန်မာတွေ တန်ဖိုးထားတဲ့ အလှူမင်္ဂလာ တခုပဲလေ။ သူတို့ တန်ဖိုးထားသလို ကျနော်တို့ကလည်း တန်ဖိုးထား တီးခတ် ဖျော်ဖြေရတယ်။ နယ်ကလူတွေက သိပ်သဘောကျကြတယ်။ အားပေးကြမ်းကြတယ်”လို့ ပြောပြပါတယ်။
နိုင်ငံကျော်ရွာစား စိန်စတင်းရဲ့သား၊ ရွှေအလင်္ကာ ရွာစားစိန်မင်းနိုင်က မျိုးဆက်သစ် သားသမီး ၅ ဦးမှာ ၄ ဦးကို ဆိုင်းပညာအမွေ လက်ဆင့်ကမ်းနိုင်နေပြီဖြစ်ပြီး သမီးကြီး ဝင့်သဉ္ဇာစတင်းက ဘမျိုးဘိုးတူ ရွှေတံဆိပ် (၃၁) ဆု၊ ငွေတံဆိပ် (၂)ဆုကို ဆွတ်ခူးပေးထားတယ်လို့ သိရပါတယ်။