အဆိုတော် ဂျက်စတင်ဘီဘာဟာ စိတ်ကျရောဂါ ခံစားခဲ့ရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး စိတ်တွေ ဂယောက်ဂယက်ဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့မှုတွေကို ခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ်အဆိုတော် ဘီဘာဟာ စိတ်ကျရောဂါခံစားနေရတဲ့ ပြဿနာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ထင်မြင်ယူဆချက်ကို Instagram မှာ တင်ခဲ့ပြီး အဆိုတော်တွေဖြစ်ကြတဲ့ Kanye West နဲ့ Scooter Braun တို့နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံ တပုံကိုလည်း တင်ခဲ့ပါတယ်။
သူက “မင်းတို့နဲ့အတူတူ Update တင်လိုက်ရတာဟာ ငါ့အတွက်တော့ ခွန်အားနည်းနည်းလောက် ရပါစေလို့ မျှော်လင့်ပါတယ်။တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ စိတ်တွေတော်တော်လေး ဂယောက်ဂယက်ဖြစ်ခဲ့ရပြီး ထိတ်လန့်ကြောက်ရွံ့ခဲ့ရပါတယ်။ ငါကအမြဲတမ်း ပြန်တိုက်ခိုက်တယ်။ ဒါကြောင့် စိုးရိမ်မှုတော့ သိပ်မရှိဘူး။ အောင်အောင်မြင်မြင် ကျော်လွှားချင်တယ်”
“မင်းတို့တွေ ငါ့အတွက် ဆုတောင်းပေး စေချင်တယ်။ ဘုရားခင်က သစ္စာရှိပြီး ခင်ဗျားတို့ရဲ့ ဆုတောင်းတွေက တကယ်အလုပ်ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျနော့်ဝန်ထုပ်ဝန်ပိုးကြီးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ လူသားအဆန်ဆုံး ရာသီဖြစ်နေလို့ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာတုန်းကတော့ “Sorry” သီချင်းအဆိုတော် ဘီဘာဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိစေဖို့ ကုသမှုကို ရှာဖွေနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ သူနဲ့ ဇနီး Hailey Baldwin တို့ရဲ့ အခုမတ်လထုတ် Vogue နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘီဘာဟာ စိတ်ကျနေတဲ့အကြောင်းနဲ့ အသက်ငယ်ငယ်နဲ့ နာမည်ကြီးခဲ့တာဟာ သူ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာကို ပြောဆိုခဲ့ပါတယ်။
ပြီးတော့ နယ်လှည့်ဖျော်ဖြေပွဲလုပ်ဖို့ စိတ်ဓာတ်ကျခဲ့တဲ့အကြောင်း၊ အဲဒီ့အကြောင်းကိုလည်း မပြောခဲ့ဖူးတဲ့အကြောင်း ပြောဆိုပါတယ်။ ရင်မဖွင့်နိုင်ခဲ့တဲ့အချို့အကြောင်းအရာတွေ ရှိနေဆဲဖြစ်ပြီ။ အထီးကျန်တဲ့အချိန်ရှိသလို တယောက်တည်းနေဖို့ အချိန်လည်း လိုအပ်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ဖူူးပါတယ်။
Ref: ptinews