ကိုရီးယားနိုင်ငံမှာရှိတဲ့ အလှအပရေးရာ ခွဲစိတ်ပြုပြင်ပေးတဲ့ ဆေးရုံတွေက ခွဲစိတ်ဆရာဝန် အယောက် ၃၀ ကျော်က ၂၀၁၉ အတွက် မျက်နှာအလှဆုံး ကိုရီးယား အနုပညာရှင် အမျိုးသမီးတွေကို ဆန္ဒပြုရွေးချယ်ပေးခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ ရလဒ်တွေကိုကြည့်ရင် ကိုရီးယားနိုင်ငံသားတွေရဲ့ ကြိုက်နှစ်သက်မှု စံပုံစံတွေ ပြောင်းလဲလာတာကို တွေ့ရမှာပါ။
၂၀၀၀ ပြည့်နှစ်အစပိုင်းလောက်ကတော့ မင်းသမီး ကင်ဟီးဆန်း၊ ကင်တေဟီးနဲ့ ဟန်ရဲဆိုးကို အလှဆုံးအနုပညာရှင်တွေအဖြစ် တင်စားခဲ့ကြပေမယ့် အနှစ် ၂၀ နီးပါးအကြာ ၂၀၁၉ မှာတော့ ရုပ်အချောဆုံးလို့ တင်စားသူတွေက မင်းသမီးတွေထက် လူကြိုက်ပိုများတဲ့ အိုင်ဒေါလ်တွေ ဖြစ်နေခဲ့ပါတယ်။
၂၀၁၉ အတွက် မျက်နှာအလှဆုံး အနုပညာရှင်အဖြစ် ဆရာဝန်တွေ ရွေးချယ်ခဲ့သူကတော့ စုစုပေါင်း ၁၁ မဲနဲ့ Girl Generation အဖွဲ့ဝင် ယွန်းန ပါ။ Plastic Surgeons တွေက ယွန်းန ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းကို “ယွန်းန မျက်နှာတခုလုံးကို ခြုံပြောရရင် အပြစ်ပြောစရာ မရှိသလောက်ပါပဲ။ အထူးသဖြင့် လူတွေသတိထားမိဆုံးကတော့ သူမရဲ့မျက်လုံးတွေပါပဲ။ ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ် မျက်ဝန်းတွေကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့တောင် တုပပြီး ခွဲစိတ်ပေးဖို့ မဖြစ်နိုင်သေးပါဘူး”လို့ ဆိုပါတယ်။
ယွန်းန နောက်မှာ ဒုတိယမဲ အများဆုံးနဲ့ ရသွားသူကတော့ SM Entertainment က Red Velvet အဖွဲ့ဝင် Irene ပါ။ စုစုပေါင်း မဲအရေအတွက် ၇ မဲရခဲ့ပါတယ်။ Irene ကို အရင်တည်းက ရုပ်ချောလို့ ပရိသတ်တွေကပါ အသိအမှတ်ပြုခဲ့သူပါ။ ဒါကြောင့်လည်း Red Velvet အဖွဲ့မှာ Visual အဖြစ်စင်တာမှာ နေရာရနေသူပါ။
Irene ရဲ့အလှကို plastic surgeons တွေက “လုံးဝကို ပြီးပြည့်စုံတဲ့ မျက်နှာပိုင်ရှင်တယောက်ပါ။ မျက်ခုံး၊ မျက်လုံးကအစ နှုတ်ခမ်းအဆုံး ဘယ်အစိတ်အပိုင်းက အလှဆုံးလို့ ပြောဖို့တောင် ရွေးချယ်ရခက်ပါတယ်။ Irene မျက်နှာမှာ အထင်ရှားဆုံးက T zone နေရာပါ။ ဒီနေရာလေးက သူမအလှကို ပိုပေါ်အောင် ထောက်ကူ ပေးနေတာပါ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အသစ်တွေဘယ်လိုပဲကောင်းကောင်း အဟောင်းတလည်လည်ဆိုတဲ့ စကားအတိုင်း ၂,၀၀၀ ပြည့်နှစ်တုန်းက ခေတ်စားခဲ့တဲ့ ဂန္တဝင်အလှပိုင်ရှင်တွေဖြစ်တဲ့ မင်းသမီး ကင်ဟီဆန်းက မဲအရေအတွက် ၅ မဲ၊ မင်းသမီး ဟန်ရဲ ဆိုးက မဲအရေအတွက် ၃ မဲ ရခဲ့ပါတယ်။ ကင်ဟီးဆန်းကို မဲပေးခဲ့တဲ့ Plastic Surgeons က “ဂန္တဝင် အလှ ဆိုတာ အလွယ်တကူပြောင်းလဲသွားတဲ့ အရာမျိုးမဟုတ်ပါဘူး” လို့ ဆိုပါတယ်။
Ref: Allkpop