မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ သူ့ရဲ့ ကလေးတွေဟာ မတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ‘Dumbo’ ရုပ်ရှင်အထူးပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။ မင်းသမီး၊ ဒါရိုက်တာ ဂျိုလီနဲ့အတူ ကလေးလေးယောက် ဖြစ်တဲ့ Zahara, Shiloh, Vivienne နဲ့ Knox တို့ဟာ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ El Capitan Theatre မှာ ပြုလုပ်ခဲ့တဲ့ ပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ့အထူးပွဲအတွက် ဂျိုလီဟာ အဖြူရောင် ဝတ်စုံနဲ့ ကျက်သရေရှိစွာ လှပနေတာကိုတွေ့ရပါတယ်။ ပြီးတော့ သားသမီး လေးယောက်လုံးဟာလည်း သူတို့နဲ့ လိုက်ဖက်နဲ့ အဝတ်အစားတွေ ဝတ်ဆင်လာတာကိုလည်း တွေ့ရပါတယ်။ ဂျိုလီရဲ့ အကြီးဆုံး ကလေးနှစ်ဦးဖြစ်တဲ့ Maddox နဲ့ Pax တို့ တက်ရောက်လာခဲ့ခြင်း မရှိပါဘူး။
သားအမိ ၅ ယောက်အဖွဲ့ကြီးဟာ ပွဲကို ရောက်လာခဲ့ပြီး ကော်ဇောနီအထက်မှာ ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။ တနေရာမှာတော့မင်းသမီး ဂျိုလီဟာ ကလေးတွေကို ပွဲအတွင်းမှာ ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာကို ပြောပြနေပုံကို ဓာတ်ပုံတခုမှာလည်း မြင်တွေ့ရပါတယ်။
မင်းသမီး ဂျိုလီဟာ လက်ရှိမှာ Disney ရဲ့ “Maleficent” နောက်ဆက်တွဲ ရုပ်ရှင် “Maleficent: Mistress of Evil” မှာ ပါဝင်ထားပြီး လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရုံတင်မှာဖြစ်ပါတယ်။
‘Dumbo’ ရုပ်ရှင်အထူးပွဲကိုတော့ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Colin Farrell, Eva Green, Michael Keaton နဲ့ Danny DeVito တို့လည်း တက်ရောက်လာကြပါတယ်။ မင်းသမီးကြီး Helen Mirren လည်း တက်ရောက်လာကြတဲ့ ဧည့်သည်တော်ထဲမှာ ပါဝင်ကြပါတယ်။ “Dumbo” ရုပ်ရှင်ဟာ ၁၉၄၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်တူ ကာတွန်းကို ဇာတ်လမ်းအသွင် ပြန်လည်ဖန်တီးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
မွေးဖွားလာကတည်းက နားရွက်ကြီးလွန်းလို့ အများရဲ့ နောက်ပြောင်မှုကို ခံခဲ့ရတဲ့ ဆင်လေးက ဆက်ကပ်အဖွဲ့ ထဲမှာ ရုန်းကန်ရတဲ့အကြောင်း ဇာတ်အိမ်တည် ရုက်ကူးထားတာပါ။ အဲဒီနောက် သူ့ရဲ့ကြီးမားတဲ့ နားရွက်ကြီးတွေ ကြောင့်ပဲ ပျံသန်းနိုင်တယ်ဆိုတာကို သိခဲ့ပြီးတဲ့နောက် ဆက်ကပ်အဖွဲ့ထဲမှာ စတား တယောက်ဖြစ်လာခဲ့ပါတယ်။
အဲဒီ့ရုပ်ရှင်ကို လာမယ့် မတ်လ ၂၉ ရက်နေ့ကနေစလို့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
Ref:aceshowbiz