သြင်္ကန်သီချင်းကောင်းကောင်း နားဆင်နေချင်ကြတဲ့ ပရိသတ်များအတွက် ရည်ရွယ်ပြီး သီဆိုထားတဲ့ ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်နဲ့ နာမည်ကြီးအဆိုတော်ကြီးများရဲ့ နွေနတ်သမီး (Summer Angel) ဆိုတဲ့အခွေကို ယခုနှစ်သြင်္ကန်မှာ ပရိသတ်များနားဆင်ရတော့မှာ ဖြစ်ပါတယ်။
“နှစ်တိုင်းလည်း သြင်္ကန်သီချင်းလုပ်မယ်ကြံလိုက် သြင်္ကန်ကရောက်ရောက်သွားလိုက်နဲ့ မမီဘဲဖြစ်ဖြစ်နေတာ။ သြင်္ကန်ပြီးသွားတော့လည်း သြင်္ကန် Mood ကမရှိတော့ဘူးဆိုတော့ ဖန်တီးဖို့က အခြောက်တိုက်ကြီးဖြစ်နေတယ်။ ဖေဖော်ဝါရီလောက်ကျမှ အဲဒီပိုးကထတာဆိုတော့ အဲဒီအချိန်မှကောက်ရေးလိုက်တာအကောင်းဆုံးပဲ။ ဒီအခွေထဲက ကျနော်ဆိုထားတဲ့ ၁ပုဒ်ပဲအသစ် ၊ ကျန်တာကတော့ ဆိုထားပြီးသားသီချင်းကို ပြန်ဆိုတာပေါ့” လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။
အဆိုပါ နွေနတ်သမီး (Summer Angel) အဆိုတော် ဇော်ဝင်းထွဋ်နဲ့အတူ ရင်ဂို ၊ စည်သူလွင် ၊ R ဇာနည် ၊ လင်းလင်း ၊ ဝေလတို့က တယောက်ကို သီချင်း ၁ပုဒ်စီနဲ့ Group Song ၁ပုဒ်ကို သီဆိုထားပြီး သီချင်း ၇ပုဒ်မှာ ၅ပုဒ်ကိုတော့ တေးရေးဆရာ နောင်နောင်(S.F) ကရေးသားကာ လင်းလင်းနဲ့ဝေလတို့ကလည်း ရေးသားထားပါတယ်။
“ကိုယ့်ရိုးရာပွဲတွေအကုန်လုံးကို မြတ်နိုးတယ်။ သြင်္ကန်ကတော့ ကမ္ဘာသိပွဲတခုဖြစ်တယ်။ နောက်ပြီး ကျနော်တို့ ဝင်ပါဖြစ်တာက ဝင်ထိန်းပေးတာလည်းပါတာပေါ့။ သြင်္ကန်မှာ ကျနော်တို့မဖြစ်စေချင်တာတွေ ဖြစ်စေချင်တာ တွေရှိနေသေးတယ်။ ခေတ်တွေက ပြောင်းနေတာကို သြင်္ကန်ပေါ်မှီတည်ပြီး နည်းမျိုးစုံနဲ့ပျော်ပါးနေကြတာကို။ အဲဒီထဲမှာအကောင်းဆုံးကတော့ Rock & Roll နဲ့ ပျော်တာအကောင်းဆုံးလို့ မြင်တာပေါ့နော်။ ကျန်တာတွေဘာမှမပါဘဲနဲ့ ဂီတနဲ့ပဲပျော်ကြပေါ့” လို့ဇော်ဝင်းထွဋ်ကပြောပါတယ်။
သြင်္ကန်မှာ ရိုးရာတခုမပျောက်ပျက်ဘဲ မဖြစ်သင့်တာမဖြစ်စေရန်အတွက် ဝင်ရောက်ထိန်းကွပ်ပေးတဲ့သဘောမျိုးနဲ့ သြင်္ကန်သီချင်းတွေဖန်တီးဖြစ်ပြီး ယခင်ကအဆိုတော်ကြီးများရဲ့ သီချင်းများနဲ့ကြီးပြင်းခဲ့ရတာကြောင့် သြင်္ကန်က ပုံစံမပျက်ဘဲရှိနေတာလို့ ဆိုပါတယ်။
“သြင်္ကန်သီချင်းတွေ များများခေတ်စား ၊ သြင်္ကန်သီချင်းတွေကိုချစ်ပြီး သြင်္ကန်သီချင်းတွေနဲ့ ထိန်းထားမှ ဒီသြင်္ကန်က ပုံစံမပျက်မှာပေါ့နော်။ ကျနော်တို့ကိုယ်တိုင်က သီချင်းတွေကြောင့်လည်း ဒီပုံစံအတိုင်းဆက်ပြီး သယ်ဆောင် လာနိုင်တာပေါ့။ ကျနော်တို့ခေတ်မှာလည်း သြင်္ကန်ကို ဝင်ပြီးထိန်းကွပ်ပေးတဲ့သဘောပါပဲ” လို့ ဇော်ဝင်းထွဋ်ကပြောပါတယ်။
သြင်္ကန်သီချင်းများမှာ ယခင်က ဖန်တီးခဲ့တဲ့ တေးရေးဆရာကြီးများ ၊ အဆိုတော်ကြီးများနဲ့ သီချင်းများကိုသာ နားရည်ဝနေကြပြီး ယခုခေတ်သြင်္ကန်သီချင်းများမှာ ထိုးဖောက်ထွက်မလာတဲ့အပေါ်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“ဘယ်လိုပဲပြန်ဆိုပြန်ဆို မရိုးနိုင်တဲ့သီချင်းတွေက အခုထိရှိနေတာကို။ ကောင်းတဲ့အရာတခုကတော့ ဖျတ်ခနဲ အချိန်တိုတခုမှာဖြစ်လာတာမဟုတ်ဘူးလေ။ အဆင့်ဆင့်ဖြတ်သန်းရတော့ ကောင်းတဲ့ဘယ်အရာမဆို ချက်ချင်းကြီးဖြစ်လာတာတော့ မရှိပါဘူး။ သြင်္ကန်သီချင်းတွေကလည်း ဒီတိုင်းပဲ။ အသစ်တွေက ထိုးဖောက်ဖို့အတွက် ကြိုးစားနေကြတာပဲလေ”
“ အဆင့်အတန်းတခုနဲ့ ထွက်ဖို့တော့ လိုတာပေါ့နော်။ ပေါ့ပေါ့တန်တန်နဲ့ သီချင်းသွားဖန်တီးရင်တော့ မှားသွားမှာပေါ့နော်။ အရှေ့က ဆရာ့ဆရာကြီးတွေကလည်း ဒီလိုလုပ်ခဲ့တာမှမဟုတ်တာ နှလုံးသားနဲ့ ခံစားပြီးတော့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံနဲ့ ပြန်အန်ထွက်လာတဲ့ စကားလုံးတွေက များတာကို။ သြင်္ကန်ဆိုပြီး ဟေးလားဝါးလားဆိုတာကတော့ ခဏတဖြုတ်တော့ရမှာပေါ့” လို့ ဇော်ဝင်းထွဋ်ကပြောပါတယ်။
ဇော်ဝင်းထွဋ်ကတော့ သြင်္ကန်သီချင်းအသစ်အသစ်များကို မျှော်လင့်နေတဲ့ပရိသတ်များအတွက် သြင်္ကန်သီချင်း မလုပ်တာကြာခဲ့တာကြောင့် အဆိုတော်ကြီးများ ပူးပေါင်းကာ အခွေတခွေဖန်တီးခဲ့ကြတာပဲဖြစ်တယ်လို့ သိရပါတယ်။