လူငယ်ပရိသတ်များရဲ့ အချစ်တော် အဆိုတော် ပန်းရောင်ခြယ်ကတော့ ယခုနှစ် သင်္ကြန်မရောက်ခင် အချိန်မှာတော့ ဦးဦးဖျားဖျား ရေလောင်းခံခဲ့ပြီးသွားပြီလို့ ပြောပါတယ်။
“ပန်းရောင် ကျောင်းသင်္ကြန်ဖျော်ဖြေတာ မနှစ်က ဖြစ်မယ်။ ရန်ကုန်မှာရှိရင် သွားဖျော်ဖြေဖြစ်တယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒီနှစ်ဆိုရင် ပန်းရောင် အစောကြီးပဲ ရေလောင်းခံရတယ်။ ကျောင်းသူလေးတယောက် ပန်းရောင်ကို ရေလောင်းတယ်။ နေတွေ အရမ်းပူပေမယ့် အရမ်းအားပေးကြတော့ နေပူတာတောင် မေ့သွားတယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
တက္ကသိုလ်ကျောင်း သင်္ကြန်များ ကျင်းပလာတဲ့အချိန်များမှာ လူငယ်အဆိုတော် တယောက်အနေနဲ့ သွားရောက် ဖျော်ဖြေရတာ ပျော်ရွှင်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများက အများကြီးအားပေးကြတယ်လို့ ဆိုပါတယ်။
“ကျောင်းသင်္ကြန်တွေဖျော်ဖြေရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ ကလေးတွေက ပန်းရောင်အနေနဲ့ ကလေးတွေ လို့ပြောလို့တော့ရတယ်ပေါ့နော်။ ပန်းရောင်ထက် ငယ်ကြတယ်။ ကလေးတွေရော ဆရာ၊ ဆရာမတွေရော အားပါးတရ အားပေးကြတယ်။ သီချင်းတွေလည်း အကျယ်ကြီး လိုက်ဆိုတယ်။ အားတက်သရောအားပေးကြတော့ အားလည်း ရှိတယ်။ ပျော်ဖို့လည်းကောင်းတယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
ပန်းရောင်ခြယ်ကတော့ နိုင်ငံခြားမှာကျောင်းတက်နေတဲ့ သူတယောက်ဖြစ်ပေမယ့် မြန်မာနိုင်ငံက တက္ကသိုလ်များရဲ့ သင်္ကြန်အပွဲများမှာ ဖျော်ဖြေရတာကို ပျော်ရွှင်တယ်လို့ ဆိုပါတယ်။
“ပန်းရောင် ဖျော်ဖြေတဲ့ပွဲတွေမှာတော့ ရန်ပွဲတွေဘာတွေ မကြုံဖူးသေးဘူး။ နောက်လည်း ကြုံရင်ကြုံရမှာပေါ့။ တချို့ပွဲတွေမှာတော့ ဖြစ်တတ်ပါတယ်။ ရန်ပွဲ အသေးလေးတွေ ဖြစ်တာ။ ပန်းရောင် အတွေ့အကြုံမှာတော့ မကြုံဖူးသေးဘူး။ ဒီနှစ်မှာတော့ ၂ ကျောင်းတော့ ဆိုပြီးသွားပါပြီ” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
ပန်းရောင်ခြယ်ကတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့အတူ သီချင်းခွေတခွေ ထုတ်ထားခဲ့ပြီး မကြာခင်သင်္ကြန်အပြီးမှာတော့ သူမရဲ့တကိုယ်တော်အခွေ ထွက်ဖို့ ရှိတယ်လို့ သိရပါတယ်။