ဒီတခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Rating မြင့်တဲ့ ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB Rating (8.4) ရှိပြီး Rotten tomatoes ၈၉ ရာခိုင်နှုန်းအထိ ရရှိထားတဲ့ ဒီဇာတ်ကားကိုဒါရိုက်တာ Nadine Labaki က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ ပရိသတ်တွေနဲ့ တခါမှ မရင်းနှီးသေးတဲ့ မျက်နှာသစ် သရုပ်ဆောင်တွေ တွေ့မြင်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်နေရာမှာ အသက် ၁၂ နှစ်ဝန်းကျင်ရှိတဲ့ Zain Al Rafeea က သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းရဲ့အစကိုတော့ တရားရုံးတခုမှာ အမှုစစ်ဆေးနေတာနဲ့စတင်ထားပြီး တရားစွဲဆိုတဲ့ တရားလိုဖြစ်သူကတော့ အသက် ၁၂ နှစ်အရွယ်သာရှိသေးတဲ့ Zain ဆိုသူ လက်ဘနွန်ကောင်လေးပဲ ဖြစ်ပါတယ်။
ဒီ ၁၂ နှစ်အရွယ် လူမမယ်ကောင်လေးဟာ ထောင်ကျနေတာဖြစ်ပြီး သူတရားစွဲဆို လိုတဲ့သူတွေကတော့ သူ့ကို မွေးဖွားပေးခဲ့တဲ့ သူ့မိဘတွေပဲဖြစ်ပါတယ်။ ဘာကြောင့် တရားစွဲဆိုချင်ရတာလဲ ဆိုတာကတော့ သူ့ကို မွေးဖွားခဲ့လို့လို့ သူက ဆိုပါတယ်။
ဒီဇာတ်ကားရဲ့အဖွင့်ကို အခုလိုအစပျိုးထားလို့ ရုပ်ရှင်ကြည့်ရှုသူတွေအနေနဲ့ အံ့အားသင့်ကောင်း သင့်နိုင်ပေမယ့် ဇာတ်လမ်းဟာ တရားရုံးမှာ စစ်ဆေးနေတာတွေနဲ့ Zain ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ချိတ်ဆက်ပြီးပြသသွားတာကို ကြည့်ရှုကြရမှာပါ။
“လူကြီးတွေကို ကျနော်ပြောချင်တာက ကိုယ့်ဘာသာ ကောင်းကောင်း မရပ်တည်နိုင်သေးပဲနဲ့ ကလေး မယူကြစေ ချင်ပါဘူး။ ကျနော့်တဘဝလုံးဟာ ကျနော်စီးထားတဲ့ ဖိနပ်လောက်တောင် တန်ကြေး မရှိပါဘူး။ တဘဝလုံးက စုတ်ပြတ်သပ်နေတာပဲ” လု့ိ ဂျစ်ကန်ကန်မျက်နှာပေးနဲ့ အသက် ၁၂ နှစ်အရွယ်ကောင်လေး Zain ရဲ့စကားသံတွေကို ဒီဇာတ်ကားမှာ ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
မိဘနဲ့သားသမီးကြားက ထူးခြားလှတဲ့ ဆက်ဆံရေးတွေနဲ့ Zain ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်ကို ဒါရိုက်တာက လှလှပပပုံဖော်ရိုက်ကူးထားတာတွေကိုပါ ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာဆိုရင် ၂၀၁၉ ခုနှစ်ရဲ့ Best Foreign Language Film အဖြစ် ဆန်ခါတင်စာရင်း ဝင်ခဲ့တာ ဖြစ်သလို တခြားသောဆုပေါင်း ၂၂ ဆုကိုလည်း ရရှိထားပါတယ်။ ကြည့်နေကျ သမာရိုးကျ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကွဲထွက်နေပြီး ဇာတ်လမ်းအစကနေ အဆုံးအထိ ဆွဲဆောင်နိုင်လွန်းတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။