လတ်တလော အွန်လိုင်းမှာ လူအများ စိတ်ဝင်စားပြီး လူပြောများနေတာကတော့ မန္တလေးမြို့မှာ နေထိုင်တဲ့ လူရွှင်တော်ကြီး တိုင်းကျော်က တောင်းရမ်းစားသောက်နေရတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မန္တလေးမြို့မှာရှိတဲ့ ဇာတ်မင်းသား ဝင်းနောင်က ဦးတိုင်းကျော်ဆိုသူကို သွားရောက်တွေ့ဆုံပြီး အစစ်အမှန်ဆိုရင် အကူအညီပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ကျနော် မန္တလေးမှာ သဘင်သက်တမ်း တော်တော်ကြာပြီ။ အဲ့ ဦးတိုင်းကျော် ကျနော် မသိဘူး။ ကျနော်သိတဲ့ ဦးတိုင်းကျော် ဆုံးသွားပြီ။ ကျနော်တို့ သိတဲ့ ဦးတိုင်းကျော်က ဇာတ်ထဲမှာ ဦးတိုင်းကျော်၊ အငြိမ့်ထဲမှာက ဦးကြောင်နက်။ ဆုံးသွားပြီ။ ဒီဓာတ်ပုံဟာ ဖုန်းနဲ့ ရိုက်တာ မဟုတ်ဘဲ ကင်မရိုက်နဲ့ ရိုက်တာလို့ ကျနော်သုံးသပ်တယ်။ ကျနော် ဒီပို့စ်တင်တဲ့သူက လူရွှင်တော် ဦးတိုင်းကျော်လို့ သိတာ တော်တော် အံ့သြဖို့ကောင်းတယ်”
“ကျနော်တို့က ဘိုးဘွားတွေကို အကောင်းဆုံး ပူဇော်ကန်တော့နေချိန်မှာ ဒီပို့စ် တက်လာတယ်။ သဘင်အစည်းအရုံး ထိခိုက်သလို ကျနော်တို့ လောကသားတွေလည်း ထိခိုက်တယ်ပေါ့။ ကျနော်တို့က မန္တလေး သဘင် အစည်းအရုံးကလည်း ပစ်မထားဘူး။ အခု သူ့အိမ်ရှေ့မှာ စောင့်နေတယ်။ ဘဝ အခက်အခဲကို ကူညီဖို့ အဆင်သင့်ပါ။ အခုကတော့ သူက ပေ ၄၀ ၆၀ ပိုင်တယ်။ လစာ ၃ သိန်းပေးမယ်။ သူ့မိန်းမက အခုလက်ငင်းပေးရမယ် ပြောတယ်။ သူ့မိန်းမက တရက် ၁၅၀၀၀ ဝင်တယ်တဲ့။ ကျနော်တို့က မတွေ့တွေ့အောင်စောင့်ပါမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါ ခေါ်ထားတယ်” လို့ ဇာတ်မင်းသား ဝင်းနောင်က ဆိုပါတယ်။
ဇာတ်မင်းသား ဝင်းနောင်က လူရွှင်တော်ကြီး တိုင်းကျော် ဟုတ်မှန်ကြောင်း အတည်ပြုဖို့ သွားရောက်ခဲ့ပြီး တွေ့ရှိတဲ့အခါမှာ အခုလိုပဲ ဧရာဝတီကို ပြောပါတယ်။
“ဒါက ဦးသိန်းဇော်တို့နဲ့ တွဲခဲ့တဲ့ ဦးတိုင်းကျော်ပါ။ ဟို ဦးကြောင်နက် ဦးတိုင်းကျော်တော့ မဟုတ်ပါဘူး။ အခုသူကို ကျနော်ပဲ တာဝန်ယူလိုက်ပါတယ်။ ကျနော့်ဇာတ်မှာ သူကိုကပြဖျော်ဖြေဖို့ တာဝန်ယူလိုက်တယ်။ သူ့မိန်းမက ဦးနှောက် သိပ်မကောင်းတော့ သူကိုပါလိုက်မယ်ဆိုရင် ကျနော် တာဝန်ယူမှာပါ။ သူ့ကို သဘင်ဘိုးဘွားရိပ်သာ ပို့တော့လည်း မသွားဘူး ဆိုတော့ ကျနော်ပဲ တာဝန်ယူလိုက်ပါမယ်”လို့ ဇာတ်မင်းသား ဝင်းနောင်က ဧရာဝတီကို ပြောပါတယ်။