ဝါရင့်တေးရေးဆရာတဦးဖြစ်တဲ့ တေးရေးဆရာ နောင်နောင်(S.F) ကလွန်ခဲ့တဲ့ ၄ ၊ ၅နှစ်လောက်က ဆေးလိပ်အလွန်အကျွံသောက်ခြင်းရဲ့ အကျိုးဆက်ကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်လို့ ဧရာဝတီကိုပြောပါတယ်။
“ကျနော်က လွန်ခဲ့တဲ့ ၄နှစ် ၅နှစ်လောက်က သေမလိုဖြစ်ခဲ့ဖူးတယ်။ ဦးနှောက်သွေးကြောပေါက်တာပါ။ ဖြစ်တာတော့ အကြီးကြီးဖြစ်တာ။ ဒါပေမယ့် ကျနော်မသေချင်သေးဘူး။ ကျနော့်စိတ်ကိုလည်း မသေခိုင်းသေးပါဘူး။ ကျနော်ပြန်လုပ်ခဲ့တာပါ” လို့တေးရေးဆရာ နောင်နောင်(S.F) ကပြောပါတယ်။
အဆိုပါဖြစ်ရပ်မှ လူကောင်းပကတိပြန်လည်ဖြစ်ဖို့အတွက် စိတ်ဓာတ်ခွန်အားတခုကြောင့် ပြန်လည်နိုးထခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ ဆေးလိပ်ကိုမသောက်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။
“အဓိကက စိတ်ခွန်အားပေါ့နော်။ အဲဒီတုန်းက အလုပ်တွေလည်းရှိတယ်။ “အိပ်မက်ဆုံရာ” ရာသက်ပန်မှာ ဒိုင်တဦးအနေနဲ့ ရိုက်ကူးနေတဲ့ကာလပေါ့နော်။ Season တခုနဲ့တခုကြားမှာ ဖြစ်တာဆိုတော့ အလုပ်ထဲမှာလည်း နည်းနည်းထိသွားတယ်။ အလုပ်ကိုအရမ်းဇောကပ်ပြီးတော့ လုပ်နေတဲ့အချိန် ကိုယ်ကလည်း ကြိုးစားအားထုတ်မှု မြှင့်တင်နေရတော့လေ”
“အဲဒီအချိန်က ဆေးလိပ်တွေအရမ်းသောက်ခဲ့တယ်။ အလွန်အကျွံသောက်ခဲ့တော့ဖြစ်တာပေါ့။ အခုတော့ မသောက်ဖြစ်တော့ဘူး။ ဖြစ်ခြင်းအကြောင်းတရားက ဆေးလိပ်ကြောင့်ဆိုတော့ ဆေးလိပ်သောက်တာနားလိုက်တယ်” လို့တေးရေးဆရာ နောင်နောင်(S.F) ကပြောပါတယ်။
ကျန်းမာရေးထိခိုက်သွားတဲ့ အချိန်အတွင်းမှာတော့ တေးသီချင်းရေးသားတဲ့အလုပ်ကတော့ မပျက်ဘဲ အရင်ကလောက် သွက်သွက်လက်လက် မရေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
“အဲဒီအချိန်အတွင်းမှာ သီချင်းရေးတာတော့မပျက်ဘူး။ Notes တွေရေးတယ်။ အကောင်းအတိုင်းတော့ မသွက်ဘူး ပေါ့။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်း မသွက်တာကနေ သွက်လာတယ်။ သွက်လာတာကနေ လျင်မြန်လာတယ်။ အဲဒီသဘောတရားတော့ရှိတယ်။ ဂီတနဲ့အတွေးအခေါ်ပိုင်းဆိုင်ရာမှာတော့ နည်းနည်းထိခိုက်တာတော့ရှိတယ်။ လူကောင်းတယောက်လိုတော့ မဟုတ်ဘူး”
“ ဒါပေမယ့် ဒါတွေက ပြန်လည်နိုးထဖို့အတွက် လုပ်လို့မရတဲ့ဟာလည်း မဟုတ်ဘူး။ ကျနော်ကတော့ အဲဒီလိုပဲယုံကြည်တယ်။ ယိုယွင်းသွားတဲ့အရာတွေကို ပြန်လေ့ကျင့်လို့ရတယ်။ ခြေလက်မရှိတဲ့သူတွေကို တွေ့ခဲ့ဖူးတယ်။ သူတို့ဂစ်တာတီးတယ်။ လက်မရှိရင် ခြေထောက်နဲ့တီးတယ်။ ရအောင်လုပ်မယ်ဆိုရင်ဖြစ်တာပါပဲ။ စိတ်ဓာတ်ခွန်အားက အရေးကြီးတယ်လို့ ထင်တယ်” လို့ တေးရေးဆရာ နောင်နောင်(S.F) ကပြောပါတယ်။
တေးရေးဆရာ (S.F) ကတော့ တေးသီချင်းရေးသားမှုများအပြင် သီချင်းဆိုပြိုင်ပွဲများမှာလည်း ဒိုင်တဦးအဖြစ်လုပ်ကိုင်လျက်ရှိပြီး မကြာခင်ရက်ပိုင်းကလည်း “Summer Angel” ဆိုတဲ့ သြင်္ကန်သီချင်းခွေမှာလည်း သူ့ရဲ့တေးသီချင်း ၅ပုဒ်ပါဝင်ရေးသားပေးထားတယ်လို့ သိရပါတယ္။