ဘောလိဝုဒ် အနုပညာနယ်ပယ်ထဲမှာ ပရိသတ်တွေကို နှစ်ပေါင်း ၃၀ ကျော်လောက် ဖျော်ဖြေခဲ့ပြီး ဖြစ်တဲ့ မင်းသား Aamir Khan က သူ့ရဲ့ ရုပ်ရှင်ဖန်တီးမှု အသိပညာကိုလည်း မကြာခဏဆိုသလို ပြသလေ့ရှိပါတယ်။ ပြောရမယ်ဆိုရင် သူဟာ တချိန်ကျရင် သရုပ်ဆောင်အလုပ်ကနေ ထွက်ပြီး ဒါရိုက်တာ လုပ်မယ်လို့တောင် ပြောဆိုခဲ့ဖူးတာပါ။
မင်းသားက “ကျနော်က ရုပ်ရှင်ဖန်တီးဖို့အတွက် စိတ်ဝင်စားမှုရှိပါတယ်။ ကျနော် “Taare Zameen Par” ရုပ်ရှင်ကို အမှတ်မထင် ရိုက်ကူးခဲ့ပါတယ်။ ကျနော် ရုပ်ရှင်ရိုက်ရတာရော၊ သရုပ်ဆောင်ရတာရော သဘောကျပါတယ်။ ကျနော် နှစ်ခုလုံးကိုတော့ ခွမလုပ်နိုင်ပါဘူး။ ဒါပေမယ့် ကျနော် အခုပြောနိုင်တာကတော့ ကျနော်ဟာ မင်းသားတယောက်အနေနဲ့ အနုပညာလုပ်ငန်းကို စခဲ့တာဖြစ်ပြီး ကျနော့်ကို စိတ်လှုပ်ရှားစေခဲ့တာပါ”
“ တနေ့ ကျနော်ရုပ်ရှင်ရိုက်ကူးသူအဖြစ် အပြည့်အဝရပ်တည်နိုင်တဲ့အချိန်မှာ ကျနော် သရုပ်ဆောင်အလုပ်ကနေ ထွက်မှာပါ။ အခုတော့ ကျနော် သရုပ်ဆောင်တာကို မရပ်တန့်ချင်ပါဘူး။ ဒါကြောင့် ကျနော့်စိတ်ထဲမှာ ဒါရိုက်တာလုပ်ဖို့ နောက်ဆုတ်ထားတာပါ” လို့ဆိုပါတယ်။
ဘောလိဝုဒ် မင်းသား Khan ကတော့ ဟောလိဝုဒ်ကို စိတ်ဝင်စားမှုမရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။ ဇာတ်ညွှန်းက သူ့ကို စိတ်လှုပ်ရှားစေတယ်ဆိုတော့ ဟောလိဝုဒ်ကပဲဖြစ်ဖြစ် ဘောလိဝုဒ်ပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေပါစေ သူ့အတွက်လို့ ထင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
မင်းသား Khan က “မူရင်းက ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းကနေလာတယ်ဆိုတာ အရေးမကြီးပါဘူး။ ဂျပန်ပဲဖြစ်ဖြစ်၊ အာဖရိကပဲဖြစ်ဖြစ် ကျနော်စိတ်ဝင်စားတယ်ဆိုရင် ရိုက်မှာပါ။ ဒါပေမယ့် ကျနော်က ဟောလိဝုဒ်ကို စိတ်ဝင်စားတာ မျိုးမရှိပါဘူး” လို့ပြောဆိုခဲ့တဲ့အကြောင်း DNA မီဒီယာမှာ ဖော်ပြပါတယ်။
လောလောဆယ်မှာတော့ မင်းသား Khan ဟာ ဟောလိဝုဒ်မင်းသားကြီး Tom Hanks ရဲ့ ၁၉၉၄ ခုနှစ်တုန်းက ကျော်ကြားခဲ့တဲ့ ရုပ်ရှင် “Forrest Gump” ကို တရားဝင်မှီငြမ်းရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်မယ်လို့ ဆိုထားပါတယ်။ Laal Singh Chadha လို့ နာမည်ပေးထားတဲ့ အဲဒီ့ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Advait Chandan က ရိုက်ကူးမှာပါ။
ဒါရိုက်တာ Advait ဟာ ၂၀၁၇ ခုနှစ်မှာ မင်းသား Khan ရဲ့ ထုတ်လုပ်ရေးနဲ့ လက်တွဲပြီး Secret Superstar ရုပ်ရှင်ကို ရိုက်ကူးပြီး ဒါရိုက်တာလောကထဲ ရောက်ရှိလာသူပါ။ ဒါရိုက်တာမလုပ်ခင်တုန်းကတော့ မင်းသား Khan ရဲ့ မန်နေဂျာအဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
Ref : indiaexpress