၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ဆုချီးမြှင့်ပွဲကြီးကတော့ ပြီးဆုံးလို့ သွားခဲ့ပါပြီ။ ဆုချီးမြှင့်ပွဲ ပြီးဆုံးခဲ့ပေမယ့် ပရိသတ်များ မျှော်လင့်ထားသလို ဖြစ်မနေတဲ့အတွက် လူမှုကွန်ရက် စာမျက်နှာနဲ့ မြန်မာ့ရုပ်ရှင်အပြောင်းအလဲကို စောင့်ကြည့်နေကြတဲ့ အသိုင်းအဝိုင်းကတော့ မျှော်လင့်ချက်များ ပျက်သုဉ်းလို့ သွားခဲ့ပါတယ်။
ရုပ်ရှင်လောက အပြောင်းအလဲအတွက် ဆောင်ကြဉ်းပေးခဲ့တဲ့ လူငယ်ရုပ်ရှင် ဖန်တီးသူများကို နေရာ တနေရာပေးစေလိုခဲ့တဲ့ ပရိသတ်ရဲ့ဆန္ဒကို အကယ်ဒမီ အကဲဖြတ် ဒိုင်လူကြီးများအဖွဲ့က လျစ်လျူရှုခဲ့ကြတယ်လို့ ထင်မြင် ယူဆခဲ့ကြပါတယ်။
ယခုနှစ် ဆုပေးပွဲမှာတော့ ပထမဆုံးအကြိမ် အကယ်ဒမီ ဆုရရှိသွားသူများလည်း များပြားစွာ ပေါ်ထွက်လာခဲ့ပြီး ဆုများစွာ ရရှိခဲ့သူများလည်း ပါဝင်ခဲ့ပါတယ်။
ယခုနှစ်အတွက် အကယ်ဒမီဆုရှင်များကတော့ “ရုပ်ရှင် တသက်တာဆု”အဖြစ် အကယ်ဒမီများဆုရှင် မြင့်မြင့်ခင်၊ “ရုပ်ရှင် အသံဆု”ကို “မုန်းစွဲ”ရုပ်ရှင်ဖြင့် ကိုအေး၊ “ရုပ်ရှင် တည်းဖြတ်ဆု”အဖြစ် “ရွှေကြာ” ရုပ်ရှင်ဖြင့် ကျော်ခိုင်စိုး ၊ “ရုပ်ရှင် ဓာတ်ပုံဆု”အဖြစ် “မုန်းစွဲ”ရုပ်ရှင်ဖြင့် ဝင်းလွင်ထက်၊ “နောက်ခံ တေးဂီတဆု”ကိုတော့ “မျက်နှာပြင်များ”ရုပ်ရှင်ဖြင့် ရှလုံးအမ်ရောနမ်၊ “ဇာတ်ညွှန်းဆု”ကို “ရွှေကြာ”ရုပ်ရှင်ဖြင့် ဒါရိုက်တာ ဝိုင်း၊ “ဒါရိုက်တာဆု”ကို “မုန်းစွဲ” ရုပ်ရှင်ဖြင့် ဒါရိုက်တာ ဩရသတို့ ရရှိခဲ့ပါတယ်။
“အကောင်းဆုံး ဇာတ်ကားဆု”အဖြစ် ငွေသော်တာ ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်တဲ့ “ရွှေကြာ” ရုပ်ရှင် ၊ “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု”အဖြစ် ကျော်ကျော်ဗို၊ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” အဖြစ် အေးမြတ်သူ၊ “အမျိုးသမီး ဇာတ်ဆောင်ဆု”အဖြစ် ဖွေးဖွေးနှင့် “အမျိုးသား ဇာတ်ဆောင်ဆု”ကို သူထူးစံ တို့က အသီးသီး ရရှိခဲ့ကြပါတယ်။
အဆိုပါ ဆုရရှိသွားသူများအနက် ပရိသတ်များ တနှစ်ပတ်လုံး မျှော်လင့်တကြီးနဲ့ စောင့်စားခဲ့ရပြီး အပြောင်းအလဲတခုဖြစ်ခဲ့တဲ့ လူငယ်မျိုးဆက်သစ် အနုပညာရှင်များရဲ့ ရုပ်ရှင်ဇာတ်ကားများမှ ဆုရရှိခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။
အကယ်ဒမီ ပေးပွဲမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ မျိုးဆက်သစ်များရဲ့ဇာတ်ကားကောင်းများ ပေါ်ထွက်လာတဲ့အတွက် မြန်မာ့ရုပ်ရှင်ကို ကြည့်ရှုနှုန်း မြင့်တက်လာခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ဒီနှစ်အတွက် ထူးခြားချက်အနေနဲ့ ယခင်တုန်းကဆို မြန်မာ့ရုပ်ရှင်ကို အကြမ်းအားဖြင့် ပရိသတ် ၃ သိန်းနဲ့ ၆ သိန်း ကြည့်ရှုရာကနေ ဒီနှစ်ထဲမှာ လူဦးရေ ပရိသတ်ပေါင်း ၁ သန်း ၃ သိန်း၊ တနည်းအားဖြင့် ပရိသတ် ၁၃ သိန်း ကြည့်ရှုတယ်လို့ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါဟာ ကြည့်ရှုသူ ပရိသတ် ၂ ဆ တိုးလာသလို ကြည့်ရှုနေကျ မဟုတ်တဲ့ ပရိသတ်များကပင် မြန်မာရုပ်ရှင်သည် ကြည့်ရှုစရာကောင်းတဲ့ ဇာတ်ကားများလို့ သတ်မှတ်ပြီး ကြည့်ရှုလာကြတာဖြစ်တယ်။ ဒါဟာ လောကသားများရဲ့ ကြိုးစားအားထုတ်မှုပဲ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။
မျိုးဆက်သစ်များရဲ့ ရုပ်ရှင်ဇာတ်ကားများကို ပရိသတ်များက အားပေးတာ တွေ့မြင်ခဲ့ရပြီး မျိုးဆက်ဟောင်းများနဲ့ မျိုးဆက်သစ်များ ပူးပေါင်းပါက မြန်မာ့ရုပ်ရှင်လောကရဲ့ အရွေ့ဟာ ပိုမြန်မှာ ဖြစ်တယ်လို့လည်း ဦးဇင်ဝိုင်းက ပြောကြားခဲ့ပါတယ်။
“ဒီနေရာမှာ မျိုးဆက်ဟောင်းများအနေနဲ့ မျိုးဆက်သစ်များကို နွေးထွေးစွာ လက်ကမ်းကြိုဖို့လိုသလို မျိုးဆက်သစ်များအနေနဲ့လည်း မျိုးဆက်ဟောင်းများအပေါ်မှာ ဂါရဝ တရားနဲ့ ထွေးပွေ့ဖို့ လိုပါတယ်။ မျိုးဆက်ဟောင်းများရဲ့ ရုပ်ရှင်ကို အတွေးထဲ အသားထဲက မြတ်နိုးတဲ့ စိတ်ဓာတ်၊ ခေတ်အဆက်ဆက်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဇွဲသတ္တိတွေနဲ့ မျိုးဆက်သစ်တွေရဲ့ ခေတ်နဲ့ အမှီ တတ်ကျွမ်းတဲ့ အတတ်ပညာ၊ အသိပညာတွေ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ပတ်သက်ပြီး သိတဲ့ သိမြင်မှုတွေ၊ တိုးတက်သစ်လွင်တဲ့ သိမြင်မှုတွေကို ပူးပေါင်းနိုင်ခဲ့မယ်ဆိုရင် မြန်မာ့ရုပ်ရှင်ရဲ့ အနာဂတ်အရွေ့ဟာ ဒီထက်ပိုမိုမြန်ဆန်လိမ့်မယ်လို့ ယူဆပါတယ်”
“ဒီအတွက် ငါတို့သည် မျိုးဆက်သစ်များဖြစ်သည်။ ငါတို့သည် မျိုးဆက်ဟောင်းများဖြစ်သည် ဆိုတဲ့အစား ငါတို့ဟာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကသားများဖြစ်သည်ဆိုတဲ့ ဘုံရပ်တည်ချက်ပေါ်မှာ ရပ်တည်ဖို့အတွက် လေးလေးစားစားနဲ့ ပန်ကြားအပ်ပါတယ်”လို့လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအနေနဲ့ မျိုးဆက်သစ်များအတွက် အားပေးစကားများ ပြောသွားခဲ့ပေမယ့် လူငယ်မျိုးဆက်သစ်များရဲ့ ရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့ “ဥပါယ်တံမျဉ်” ၊ “မုဒြာရဲ့ခေါ်သံ” ၊ “မီ” ၊ “ဒုဋ္ဌဝတီကို လွန်၍” စတဲ့ ရုပ်ရှင်ကားများကတော့ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ခဲ့ပေမယ့် အကယ်ဒမီ ဆုစာရင်းထဲမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ယခင်နှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာလည်း လူငယ် ဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးခဲ့တဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးဟာ အပြောင်းအလဲတခုကို ဖော်ဆောင်နိုင်ခဲ့ပေမယ့် အကယ်ဒမီ ဆန်ခါတင်စာရင်းပင် ဝင်ရောက်ခဲ့ခြင်း မရှိတာကြောင့် ဝေဖန်မှုများ မြင့်တက်ခဲ့ပါသေးတယ်။
အဆိုပါ အဖြစ်အပျက်ပေါ် မူတည်ကာ ဒီနှစ်မှာတော့ ပြောင်းလဲသွားလိမ့်လို့ ထပ်မံ မျှော်လင့်ခဲ့ကြပေမယ့် အကယ်ဒမီ စိစစ်အဖွဲ့ စိစစ်မှုကတော့ ပရိသတ်ရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ ။