၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ နောက်ဆက်တွဲ ဂယက်များနဲ့ ပတ်သက်ပြီး အကယ်ဒမီ အကဲဖြတ်အဖွဲ့မှာ ပါဝင်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းက ဆုရွေးချယ်တာနဲ့ ပတ်သက်လို့ လူကြီးတွေလုပ်တာ မမျှတဘူးထင်ရင် လူငယ်တွေ လုပ်ဆောင်ဖို့ ပြောဆိုလိုက်ပါတယ်။
“အဘိုးကြီးတွေ အဘွားကြီးတွေ လုပ်ကြတာ မမျှတဘူးထင်ရင် လူငယ်တွေနဲ့ လုပ်ကြရအောင်။ ဆရာကတော့ ဒါကို လက်ခံတယ်။ လူငယ်တွေ လုပ်ကြပါ။ ကောင်းရင် ပြီးတာပဲ။ မျှတရင် ပြီးတာပဲ။ ဒါကို မမျှတဘူးထင်ရင် လူငယ်တွေ လုပ်ပါ”လို့ ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပါတယ်။
“ဆုမရသေးတဲ့သူတွေကို ရွေးချယ်ပေးတာလားဆိုတော့ အရည်အသွေးချင်းတူလာရင် နောက်တခုက တချို့ အနုပညာရှင်တွေက ခေါက်ရိုးကျိုးနေတဲ့ အမူအရာတွေ ရှိနေတယ်။ သူကလည်း တခြားသူကို မပြိုင်ရဘူး။ မောင်ဖြူဆိုပါတော့ မောင်ဖြူက အရင်က မောင်ဖြူအိုက်တင်အတိုင်းလုပ်နေရင် မတိုးတက်ဘူး။ အဲ့ဒါတွေလည်း သဘောပေါက်ကျဖို့လိုတယ်”
“ပုဂ္ဂိုလ်စွဲတွေလည်း မထားကြပါနဲ့။ ဆရာတို့လည်း ပုဂ္ဂိုလ်စွဲမထားဘူး။ ချစ်တာ မုန်းတာ မရှိဘူး။ တတ်နိုင်သမျှ အမျှတဆုံးဖြစ်အောင် လုပ်တယ်။ လုပ်တဲ့ထဲကမှ ဆရာတို့က ပရိသတ် မကျေနပ်တာ ခံရတာတော့ ဆရာတို့ရဲ့ လိုအပ်ချက်လို့ ထင်ပါတယ်။ ဆရာတို့ အသက်ကြီးတာတို့ အတွေးအခေါ်တွေ အိုတာတို့ ဖြစ်နိုင်ပါတယ်။ အသစ်တွေကိုလည်း ဖယ်ပေးလိုက်မှာပါ။ ဆရာတို့လည်း ပင်ပန်းပါတယ်”လို့ ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပါတယ်။
အကယ်ဒမီစာရင်း ပေါက်ကြားသွားတဲ့အပေါ်နဲ့ ဒီနှစ်အကယ်ဒမီ ရတဲ့သူတွေကို ဂုဏ်ပြုသလို ကျန်ခဲ့တဲ့ အလားအလာရှိတဲ့ သူတွေကိုလည်း ဂုဏ်ပြုချင်တယ်လို့ ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပါတယ်။
“ရတဲ့သူတွေကို ဂုဏ်ပြုသလို ကျန်ခဲ့တဲ့ အလားအလာ ရှိတဲ့သူတွေကိုလည်း ဂုဏ်ပြုချင်တာပါ။ အဲဒါက ဇဏ်ခီ ဇနီးမောင်နှံ ဖြစ်ပါတယ်။ သူတို့ကို နောင်အလားအလာရှိတဲ့ ပညာသည်တွေ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ နောက် အာကာတို့ အုပ်စုပါ။ သူတို့ကိုလည်းကြိုဆိုပါတယ်။ နောက် ခါရာတို့ တွေကိုလည်း ကြိုဆိုချင်ပါတယ်”
“ကျနော်အဖွဲ့ မျက်စိကျထားတာ ရှိတယ်ဆိုတာကို ပြောချင်ပါတယ်။ အသစ်တွေကိုလည်း မျက်စိကျပါတယ်။ မျိုးဆက်ဟောင်းတွေထဲကလည်း ချူဆီ ရိုက်တဲ့ မင်းဦးကိုလည်း မျက်စိကျပါတယ်။ ကျနော် ပြောခဲ့တဲ့ ပုဂ္ဂိုလ်တွေက ကျနော် အကဲဖြတ်အနေနဲ့ မျက်စိကျပြီး အလားလာ ရှိတဲ့သူများလို့ ကျနော်တို့ သတ်မှတ်ချင်တဲ့ အတွက် ဥက္ကဋ္ဌဆီ ခွင့်တောင်းပြီးတော့ ပြောခွင့်ပြုပါဆိုပြီး ပြောတာပါ”လို့ ကြည်စိုးထွန်းက ဆိုပါတယ်။
“အကယ်ဒမီ စာရင်း ပေါက်ကြားသွားတာကတော့ ကျနော်တို့တွေလည်း ထိန်းတယ်။ စာရိုက် ရတယ်။ ဖောက်တဲ့သူ ရှိတယ်။ ဘယ်ကထွက်တာလဲတော့ ဆရာ မပြောလိုဘူး။ ဆရာတို့ အသေးစိတ် မကြီးကြပ်နိုင်တာလည်းပါပါတယ်။ ကျနော်တို့ ဘယ်သူ့လက်ရေး ဘယ်အချိန်က ဘယ်သူဘယ်ဝါဆိုတာ သိရင် အရေးယူလို့ရတာပေါ့”လို့ ကြည်စိုးထွန်းက ပြောပါတယ်။
အကယ်ဒမီ အကဲဖြတ် စိစစ်ရွေးချယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒါရိုက်တာ ကြည်စိုးထွန်းဟာ အကယ်ဒမီပွဲ မတိုင်ခင် ဖေဖော်ဝါလအတွင်းက ဒီနှစ် အကယ်ဒမီအတွက် အကဲဖြတ် စိစစ် ရွေးချယ်ရာမှာ သေချာစွာ စိစစ်နေရပြီး ဘက်မလိုက်ဘဲ ကြည့်တဲ့ ပရိသတ်နဲ့ အမြင်တူပါလိမ့်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။
ဆက်လက် သတင်းလင့်ခ်
“အကယ်ဒမီကို ဘက်မလိုက်ဘဲ ကြည့်တဲ့ ပရိသတ်နဲ့ အမြင်တူပါလိမ့်မယ်”