Universal ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်ပြီး ဒါရိုက်တာ Jordan Peele က ရိုက်ကူးပုံဖော်ထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် “Us” ဟာ မြောက်အမေရိကန်ရုပ်ရှင်ရုံပေါင်း ၃၀၀၀ ကျော်ကနေ ဝင်ငွေ ဒေါ်လာ သန်း ၇ဝ ရရှိခဲ့တယ်လို့ သိရပါတယ်။ Disney ရဲ့ “Captain Marvel” ရုပ်ရှင်ပြီးတဲ့နောက် အခုနှစ်အတွင်းမှာ ဒုတိယမြောက် ပွဲဦးထွက်ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။
အဆိုပါ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို ရုပ်ရှင်ဟာ မိသားစုတခုနဲ့ သူတို့ရဲ့ ပုံစံတူ စိတ္တဇ လူသတ်သမားတွေကို ကြုံတွေ့ခဲ့ရတဲ့အကြောင်း ဇာတ်အိမ် တည်ထားတာ ဖြစ်ပါတယ်။
“Us” ရုပ်ရှင်ဟာ “A Quiet Place” ရုပ်ရှင်ပြီးတဲ့နောက် ပွဲဦးထွက် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ အခုရုပ်ရှင်က ဒါရိုက်တာ Peele ရဲ့ ဒုတိယမြောက် ပွဲဦးထွက်ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ပထမဆုံး ရုပ်ရှင် “Get Out” က ၂၀၁၇ ခုနှစ်မှာ ရုံတင်ခဲ့ပြီး ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ ၃၃ သန်း ရရှိခဲ့ပါတယ်။
“Us” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ ၈၆ ဒဿမ ၉၅ သန်းလည်း ရရှိထားပြီး ဖြစ်ပါတယ်။ Universal နဲ့ Peele ရဲ့ Monkeypaw Productions တို့ဟာ “Us” ရုပ်ရှင်ကို ဒေါ်လာ သန်း ၂၀ နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
“South by Southwest Film Festival” ရုပ်ရှင်ပွဲတော်မှာ ပထမဆုံးပြသခဲ့တဲ့ အဲဒီ ရုပ်ရှင်ဟာ တော်တော်လေးကို လူပြောများနေခဲ့တာပါ။ ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက် Rotten Tomatoes မှာလည်း ၉၄ ရာခိုင်နှုန်းအထိ အကောင်းမြင်ခံထားရတာဟာ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားအတွက် ရှားရှားပါးပါး ချီးကျူးခံထား ရတာလည်း ဖြစ်ပါတယ်။
ကလေးတွေနဲ့အတူ ပျော်ပွဲစားထွက်လာရင်း သွေးဆာနေတဲ့ သူတို့ရဲ့ ကိုယ်ပွားမိသားစုနဲ့ တွေ့ဆုံခဲ့သူ မိခင် Winston Duke အဖြစ် မင်းသမီး Lupita Nyong’o က ပါဝင်ထားပါတယ်။
၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြောက်အမေရိက ရုံဝင်ငွေစာရင်းဟာ ရုန်းကန်ခဲ့ရပေမယ့် Universal အတွက်တော့ ကောင်းမွန်တဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် စတူဒီယိုဟာ “Us” ၊ “How to Train Your Dragon: The Hidden World” နဲ့ “Glass” တို့လိုမျိုး အဖွင့်လှတဲ့ ရုပ်ရှင်တွေကို ရုံတင်ခဲ့ပြီး ဖြစ်ပါတယ်။
“Captain Marvel” ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ ၃၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ Paramount Pictures ရဲ့ အန်နီမေးရှင်းစွန့်စားခန်းရုပ်ရှင် “Wonder Park” ကတော့ တတိယနေရာမှာ ဝင်ငွေ ဒေါ်လာ ၉ သန်းနဲ့ ရပ်တည်နေပါတယ်။
ခွဲစိတ်ကုသမှုခံယူရင်း ချစ်ကြိုက်ခဲ့ကြတဲ့ ဆယ်ကျော်သက် လူငယ်နှစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ အချစ်ဒရာမာ “Five Feet Apart” ကတော့ ဝင်ငွေဒေါ်လာ ၈ ဒဿမ ၅ သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။ ပဉ္စမနေရာမှာ ရှိနေတဲ့ ရုပ်ရှင်ကတော့ Universal နဲ့ DreamWorks တို့ရဲ့ “How to Train Your Dragon: The Hidden World” ရုပ်ရှင်ဖြစ်ပါတယ်။ ဝင်ငွေကတော့ ဒေါ်လာ ၆ ဒဿမ ၅ သန်း ဖြစ်ပါတယ်။
Ref : reuters