(၇၄) ကြိမ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ပြသရန် ရိုက်ကူးထားတဲ့ “နာရီ ၁၁၀” ဇာတ်ကားကို မတ်လ ၂၅ ရက်နေ့မှ စတင်ကာ မြဝတီရုပ်သံလိုင်းမှာ ပြသနေပြီး ဒီကားကတော့ စစ်ကားတကား မဟုတ်ဘဲ ငရဲပတ်ကို ဖြတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်တယ်လို့ ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အောင်မြင့်မြတ်က ဧရာဝတီကို ပြောပါတယ်။
“စစ်ကားတို့ ဘာတို့ မဟုတ်ဘူး။ နာရီ ၁၁၀ ဆိုတာ ငရဲပတ်ပေါ့။ နိုင်ငံတကာမှာလည်း ရှိတယ်။ Navy SEALs ဖြစ်ဖို့ အတွက်ဆိုရင် ကြည်း၊ ရေ လေ ၃ ခုကပေါင်းပြီးတော့ Navy SEALs ဖြစ်သွားတာပေါ့။ Diver သင်တန်း တက်ရတယ်။ Level 1 ၊ 2 ၊ 3 ဆိုပြီးတော့ Level 1 မှာဆိုရင် ငရဲပတ်က ပါတယ်။ အဲဒီ သင်တန်းကို ဖြတ်ရတယ်။ မဖြတ်နိုင်ရင် တသက်လုံး Navy SEALs မဖြစ်တော့ဘူးပေါ့”
“အဲဒီသင်တန်းမှာက အရာရှိတွေလည်း ပါတယ်။ တပ်သားတွေလည်း ပါတယ်။ ဗိုလ်ကြီးတွေ ပါတယ်။ သူတို့တွေ အကုန်လုံးက သင်တန်းလာတက်တဲ့အချိန်မှာ ရာထူးတွေ အကုန်ဖြုတ်လိုက်ရတယ်။ ငရဲပတ်ကို ဖြတ်ရတယ်။ ငရဲပတ်မှာ အရမ်းပင်ပန်းတယ်။ တချိန်လုံးမောင်းနေတာပေါ့။ ရေထဲမှာရော ကုန်းပေါ်မှာပါ။ အဲဒီအကြောင်းကို ရိုက်ထားတာပါ”လို့ အောင်မြင့်မြတ်က ပြောပါတယ်။
အဆိုပါ “နာရီ ၁၁၀” ဇာတ်ကားကိုတော့ မင်းခိုက်စိုးစန်က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) က ရိုက်ကူးထားကာ မတ် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ မြဝတီရုပ်သံလိုင်းမှာ ပြသနေတာ ဖြစ်ပါတယ်။
“နာရီ ၁၁၀” ဇာတ်ကားကတော့ ကြည်း ၊ ရေ ၊ လေ မှ ရေငုပ်သင်တန်းတက်ချင်တဲ့ အရာရှိများ ၊ စစ်သည် များက အဆိုပြုလွှာတင်ပြီး ရွေးချယ်ခံရတဲ့အခါမှာတော့ ရေငုပ်သင်တန်း မတက်ခင် ဖြတ်သန်းရတဲ့ ငရဲပတ်လို့ခေါ်တဲ့ နာရီ ၁၁၀ ကို ဖြတ်သန်းရတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဂုဏ်ပြုဇာတ်ကားတကားပဲ ဖြစ်ပါတယ်။

“အဲဒီကားရိုက်တုန်းကဆိုလည်း အခက်အခဲတွေက အများကြီးပဲ။ တခါမှ အဲဒီလောက်ခက်ခဲပင်ပန်းတဲ့ကား မရိုက်ဖူးဘူး။ တကယ့် Traning တွေလုပ်ပြီး လုပ်ခဲ့ရတာ။ အဲဒီကားလေး ရိုက်တာက အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ အတွေ့အကြုံတွေက ဒီလိုကားမျိုး ရိုက်မှရမှာ။ ကျနော့်အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေပါ”
“ဒီကားမှာ ပါဝင်ခဲ့တာက ဆရာမင်းခိုက်တို့နဲ့ အဆက်အသွယ် ရတယ်။ ဇာတ်ညွှန်းက သူရေးတာဆိုတော့ ကျနော့်ကို မြင်တယ်။ ကျနော်နဲ့ ရိုက်စေချင်တယ် ဆိုပြီးတော့ ဆက်သွယ်တယ်။ ကိုတင်အောင်စိုးတို့ဘက်ကလည်း ဆက်သွယ်တယ်။ အဲဒါကြောင့် ရိုက်ဖြစ်သွားတာ” လို့ အောင်မြင့်မြတ်က ပြောပါတယ်။
အောင်မြင့်မြတ်အနေနဲ့လည်း အဆိုပါ “နာရီ ၁၁၀” ဇာတ်ကားရိုက်ကူးမှုအတွက် အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ အဲဒီကားကြောင့်ပဲ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ “Line Walker – 2” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရဖို့အတွက် အတွေ့အကြုံတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားမှာ သိန်းစိုးအဖြစ် ဗီလိန်နေရာက သရုပ်ဆောင်ခဲ့ပြီး “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု”နေရာက အကယ်ဒမီ ဆန်ခါတင်စာရင်း ဝင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်အတွက် ကျင်းပပြီးစီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာတော့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ပါတယ်။