ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဆု ၄ဆု ရရှိခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ သြရသကတော့ အကယ်ဒမီနဲ့ ထိုက်တန်တဲ့ ရသများပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
“မုန်းစွဲကတော့ ကျနော့်ဘဝရဲ့မှတ်တိုင် တခုပါပဲ။ အကယ်ဒမီဆိုတာ အနုပညာရှင်တွေအတွက် မှတ်တိုင်တခု လည်းဖြစ်တယ်။ အဲဒီတော့ ကျနော့်ဘဝအတွက် မှတ်တိုင်တခုကိုတော့ ရယူနိုင်ခဲ့ပြီ။ ဒါပေမဲ့ ဒီထက် ပိုပြီး ကြိုးစားရမယ်ဆိုတဲ့ အတွေးကတော့ ဝင်နေတာပေါ့နော်။ အဲဒီအတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်။ အကယ်ဒမီနဲ့ ထိုက်တန်တဲ့ အနုပညာတွေ ပြနိုင်အောင်ကြိုးစားသွားပါမယ်။ ပရိသတ်တွေ အားပေးမှုနဲ့ထိုက်တန်တဲ့ ရသတွေကို ပေးနိုင်အောင် ကြိုးစားသွားပါမယ်” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။
အဆိုပါ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ “အသေလှတဲ့သူ” ဖြစ်ရပ်မှန် ဇာတ်လမ်းကို ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားပြီး အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။
“စ ဖန်တီးကတည်းက ဆုတွေ ဘာတွေ လိုချင်လို့ရယ် မဟုတ်ဘူး။ ဇာတ်လမ်းကို အကောင်းဆုံး တင်ဆက်မယ်ဆိုတဲ့ စိတ်ကူးပဲရှိခဲ့ပြီး အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ အကယ်ဒမီနား နီးလာတဲ့အခါမှာ ပရိသတ်တွေရဲ့ ထင်မြင်ပေးချက်တွေ၊ လောကသားတွေရဲ့ ထင်မြင်ပေးချက်တွေကြောင့် စိတ်လှုပ်ရှားလာခဲ့တယ်”
“လိုတော့လိုချင်တာပေါ့။ တထစ်ချကြီးတော့ မမှန်းရဲဘူး။ ကြေငြာလိုက်တဲ့အချိန်မှာ အရမ်းပျော်သွားတာပေါ့။ ခံစားချက်ကတော့ ငါတကယ်ရပြီဆိုတဲ့ အတွေးဝင်သွားတာပေါ့” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။
ဒါ့အပြင် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဒါရိုက်တာဆုအပြင် “အကောင်းဆုံး အသံဆု” ကိုအေး ၊ “အကောင်းဆုံး ဓာတ်ပုံဆု” ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ “အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု”ကို ကျော်ကျော်ဗိုတို့က အသီးသီး ရရှိခဲ့ပါတယ်။
အဆိုပါ အကယ်ဒမီဆုရရှိတဲ့ ဆုကိုတော့ အလှူလုပ်ဖို့ရှိပြီး ဘာလှူရမလဲဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အကယ်ဒမီဆု ၄ ဆု ရရှိခဲ့ပေမယ့် ပရိသတ်များ မျှော်လင့်ထားတဲ့ အကယ်ဒမီဆုများ ရရှိခဲ့ခြင်း မရှိတာကြောင့်လည်း ဝေဖန်မှုတချို့ ရှိနေခဲ့ပါတယ်။
“ကိုယ်က ပျော်တာကလည်း တပိုင်းပေါ့။ မရတဲ့သူတွေအတွက်လည်း စိတ်မကောင်းတာလည်း တပိုင်းပေါ့။ တခြားကားမှ ာရတဲ့သူတွေကလည်း ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကို မောင်နှမတွေပါပဲ။ ခံစားချက်ကတော့ တမျိုးပေါ့” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။
ဒါရိုက်တာ သြရသကတော့ အကယ်ဒမီ ရရှိအောင် အားပေးခဲ့ကြတဲ့ ပရိသတ်များအတွက် အနုပညာဖန်တီးမှုများစွာကို အကောင်းဆုံး ဆက်လက် ကြိုးစားသွားမှာဖြစ်ပြီး မကြာခင်မှာလည်း “လကွယ် ဗုဒ္ဓဟူး” ဆိုတဲ့ ရုပ်ရှင်ကား ဖန်တီးသွားဖို့ရှိတယ်လို့ သိရပါတယ်။