၂၀၁၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီငါးဆုရှင်ဒေါ်မြင့်မြင့်ခင်က တသက်တာထူးချွန်ဆုပေးအပ်ချီးမြှင့်ခြင်းခံရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်ခြင်းခံခဲ့ရတဲ့အတွက် တသက်တာဆုရှင် ဒေါ်မြင့်မြင့်ခင်က အကယ်ဒမီနဲ့ တသက်တာဆု ကွာခြားတဲ့အကြောင်းကို အခုလိုဆိုပါတယ်။
“အကယ်ဒမီနဲ့ တသက်တာဆုက ကွာတာပေါ့။ အကယ်ဒမီဆိုတာက ကိုယ့်ရဲ့သရုပ်ဆောင်မှုအပေါ်မှာရတာ။ ဒီဟာက ကိုယ့်ရဲ့ အသက်အပိုင်းအခြားအရ ကိုယ့်ရဲ့ စွမ်းဆောင်မှုတွေအတွက်လည်းပါတာပေါ့။ ကိုယ့် ကိုယ်ကိုလည်း ငါအသက်ရှည်ရှည်လေးနဲ့ ဒီတသက်တာဆုရတယ်ဆိုပြီး ဂုဏ်ယူပါတယ်။ ပြီးတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပေးတော့ အတိုင်းထက်အလွန်ဝမ်းသာတာပေါ့နော်”လို့ဧရာဝတီကိုပြောပြပါတယ်။
ဆုချီးမြှင့်ချိန်က အတိုင်ပင်ခံနဲ့ ခဏတာပြောဖြစ်လိုက်တဲ့ စကားတွေကိုလည်း အခုလိုပြောပြပါတယ်။
“မဆွေက လှမ်းမေးတယ်။ မာမီ့တို့ တိုးတိုး၊တိုးတိုးနဲ့ ဘာတွေပြောနေကြတာလဲတဲ့။ ပြောဖြစ်ကြတာက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အန်တီ့ကို သူငယ်ငယ်ကတည်းက သဘောကျတဲ့ မင်းသမီးပါတဲ့။ လက်က ဘာဖြစ်တာလဲတဲ့။ အကယ်ဒမီအတွက် ဘုတ်သွားထိုင်ရင်းနဲ့ ချော်လဲတာလို့ဆိုတော့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်အောင်နေပါလို့ ပြောသွားတာပါ။ ရင်ထဲမှာ သူကိုယ်တိုင်ပေးတဲ့ဆုကိုယူရတာ ခံစားရတာပေါ့။ သူ့ထက်ကြီးတာမရှိတော့ဘူး။ အရမ်းလည်းဂုဏ်ယူတာပေါ့။ နောင်ဘယ်တော့မှ ထပ်ဆုံမယ်ဆိုတာ မပြောတတ်ဘူး”
“တကယ်တော့ အမေတို့က အသက်ကြီးသွားလို့။ နောက်ထပ် နှစ်နှစ်ဆယ်လောက်သာ ပြန်ငယ်သွားရင် အခုလိုတွေပြန်သရုပ်ဆောင်ချင်ပါသေးတယ်။ နောက်နှစ် ရုပ်ရှင်နှစ်တရာပြည့်ကိုလည်း ကျန်းကျန်းမာမာနဲ့ အမေတက်ချင်သေးတယ်”လို့လည်း ဆိုပါတယ်။

တသက်တာဆုရှင် ဒေါ်မြင့်မြင့်ခင်က သမီးငါးယောက်အတွက် အကယ်ဒမီကို တယောက်တခုနှုန်းနဲ့ ရယူခဲ့တယ်ဆိုတဲ့အတွက် အခုရတဲ့ဆုက ဘယ်သူ့အတွက်လဲဆိုတဲ့အခါမှာတော့ ဒါဟာ အမျိုးသားအတွက်လို့ ဆိုပါတယ်။
“အန်ကယ်ကြီးရှိရင်တော့ အန်ကယ်ကြီးအတွက်ပေါ့။ အန်ကယ်ကြီးမရှိတော့တဲ့အတွက် မြေးအကြီးဆုံး ၊သားမြေးလို့ပြောရမှာပေါ့။ ဒုတိယသမီးကမွေးတဲ့ မြေး ၊ မင်းမောင်ဦး အတွက်ဖြစ်သွားတာပေါ့။ အကယ်ဒမီ ၅ဆုရထားတာ သမီးငါးယောက်ရှိတော့ တယောက်တဆုစီပေါ့လေ။ လေးဆုရတုန်းကဆို နောက်တဆုကသမီးအငယ်ဆုံးအတွက်ကြိုးစားမယ်ပေါ့။ ကြိုးစားလိုက်တာငါးဆုရသွားတော့ ဆုတောင်းပြည့်သွားပြီပေါ့”
“တကယ်က ကြိုးစားမှုနဲ့ အကဲဖြတ်အဖွဲ့ရဲ့ ဆုံးဖြတ်မှုနဲ့ကိုက်ညီသွားတာပါ။ အဲဒီအချိန်က အန်ကယ်ကြီးရှိနေသေးတော့ သူကပြောတယ်။ သူ့သမီး ငါးယောက်အတွက်ကိုပဲ ရွှေစင်ဆုရှာပေးတယ်တဲ့။ ဒီတော့အမေက နောက်တခါဆို မောင့်အတွက်ပေါ့လို့ တောင်ပြောခဲ့မိသေးတယ်။ အခုချိန်အန်ကယ်ကြီးရှိရင်တော့ သူ့အတွက်ပေါ့။ သူသာရှိနေမယ်ဆို ၉၄ နှစ်။ သူ့ကိုလည်းသတိရသွားတာပေါ့။ မောင်ရေ …မောင်သာရှိရင် ဒီဆုက မောင့်အတွက်ဖြစ်သွားပြီလို့ ပြောချင်တာပေါ့”လို့ပြောပြပါတယ်။
ဒေါ်မြင့်မြင့်ခင်က အကယ်ဒမီဇာတ်ကားများ အကဲဖြတ်ကြည့်ရှုတဲ့ အကဲဖြတ်ဒိုင်အဖွဲ့မှာလည်းပါဝင်ခဲ့ပြီး ဒီနှစ်အကယ်ဒမီမှာ ဆန်ခါတင်ဇာတ်ကားများကို ရွေးချယ်ဖို့ ကြည့်ရှုနေဆဲမှာပဲ ချော်လဲသွားတာကြောင့် နောက်ပိုင်းကားတွေ ဆက်မကြည့်နိုင်တော့ဘူးလို့ ဆိုပါတယ်။ “အမေကိုယ်တိုင်ကြည့်ခဲ့ရတဲ့ကားတွေနဲ့ အခုနောက်ပိုင်း အကယ်ဒမီရသွားတဲ့ကားတွေနဲ့တော့ မတူဘူး။ အမေ ပထမမျှော်မှန်းထားတဲ့ကားတွေ မဟုတ်ဘဲနဲ့ တခြားကားတွေပါသွားတာတော့ စိတ်ထဲမကောင်းဘူးပေါ့”လို့ ဆိုပါတယ်။
အကယ်ဒမီစာရင်းပေါက်ကြားသွားတာနဲ့ပတ်သက်ပြီးလည်း”ပေါက်ကြားသွားတာတော့ အမေမသိလိုက်ဘူး။ ဒီလိုမျိုးလည်းဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ပရိသတ်တွေကိုလည်း သူတို့မျှော်မှန်းထားတဲ့သူတွေ မရတဲ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့လို့ ။ အကယ်ဒမီဘုတ်အဖွဲ့ကနေပြီးတော့ စစ်စစ်စီစီလုပ်တဲ့အတွက် ခွင့်လွှတ်လိုက်ကြပါ” လို့လည်း ဧရာဝတီကိုပြောပါတယ်။